(၇) ထပ်ရေတံခွန်ကိုသွားလည်တဲ့အကြောင်းလေးရေးချင်နေတာ အဲ့ဒီကိုသွားလည်မယ်လို့ စီစဉ် ကတည်းက ပါ။ ရေးချင်တာပဲရှိတာ ရေးတတ်တာမဟုတ်ဘူး။ ဒီလိုပဲ ရမ်းသမ်းရေးမယ်။ တခြား ဘလော့ ကာ အမတွေညီမတွေကို အတုခိုးပြီးရေးမယ်ပေါ့။ စိတ်ကူးထားတာ။ တကယ်တမ်းရေးမယ် ဆိုတော့လည်း စကားလုံးတွေကထွက်မလာပါဘူး။ ကိုယ်ချစ်ရတဲ့သူနဲ့ မိသားစုနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ သွားခဲ့ လာခဲ့တာလေးတွေကို အမှတ်တရရှိနေစေချင်တာပါ။
သိပ်မသွားချင်ပါဘူး မနက်(၆) နာရီကားလာကြိုမှာကို မနက်လေးနာရီကတည်းက နိုးနေတာ။ ဟိဟိ။ မနေ့ညကတည်းက အားလုံးပြင်ဆင်ပြီးသား ရေချိုး အဝတ်လဲ အလှပြင်ပြီး ပြင်ထားတဲ့အထုတ်ဆွဲသွားရုံပဲကို အစောကြီးနိုးနေတာပေါ့။ သွားချင်လွန်းလို့လေ။
ထိုင်းနိုင်ငံကိုရောက်တဲ့ တနှစ်ကျော်အတွင်း ပထမဦးဆုံး ခရီးစဉ်ကိုး စိတ်စောနေတာပေါ့။ စောစောနိုးတာကို အေးအေးမနေပဲ ဘေးမှာအိပ်နေတဲ့သူကို ပါနှိုးလိုက် သေးတယ်။ ကိုကို လေးနာရီထိုးပြီ ရေချိုးတော့လို့ဆိုတော့ ကိုက (၁၅)မိနစ်ပဲကြာတာ။ နန်းလဲ ရေချိုးအလှပြင်တာ ကြာတာလဲမဟုတ်ပဲနဲ့ အစောကြီးရှိသေးတယ် အိပ်အုံးတဲ့။
အိပ်မပျော်တော့ဘူးဆိုတော့ အမလေး ဒေါ်နန်းရွှေမှုံတို့များ သိပ်မကဲချင်ပါဘူး။ ပြောကိုမပြောချင်ဘူးတဲ့။ သူများကိုပြောနေပေမဲ့ မျက်နှာကြီးက ပြုံးစိစိနဲ့ပါ။ နန်းတို့ စကားပြောသံကြားတာနဲ့ ညီမလေးလင်မယားပါ နိုးလာပြီး သွားတော့မှာလား အစောကြီးရှိသေးတယ်တဲ့။ အဲ့တော့ ကိုကိုက ဒီမှာလေ (၆) နာရီမှ ကားလာမှာကို အစောကြီးနှိုးပြီး ရေချိုးခိုင်းနေတယ်တဲ့။ အားလုံးပြုံးစိစိဖြစ်ကုန်တာပေါ့။
အိပ်မရမဲ့အတူတူတော့ ရေနွေးတည်ပြီး ကော်ဖီဖျော် မုန့်စားပြီး စကားထိုင်ပြောနေကြတာပေါ့။ ငါးနာရီခွဲမှရေချိုးပြီး အဝတ်လဲ မျက်နှာကို ဘာညာဘာညာတွေ ပွတ်သတ်ချယ်သပြီးတော့ ခြောက်နာရီထိုးဖို့ ငါးမိနစ်တောင်လိုသေးတယ်။ နန်းရေချိုးအဝတ်လဲနေတုန်း ညီမလေးက ထမင်းကျက်ပြီး စားသွားအုံး လမ်းမှာ ဗိုက်ဆာနေမယ်ဆိုတော့ ထမင်းစားရင်း ထိုင်စောင့်နေတာပေါ့။
အားလုံးစုသွားကြတာဆိုပေမဲ့ လှည့်ပတ်ကြိုနေရတာနဲ့ (၆) နာရီ (၁၅) မှ နန်းတို့အိမ်ရှေ့ကို ကားရောက်လာပါတယ်။ ကားပေါ်က သူငယ်ချင်းတွေ မနက်စာတောင်မစားခဲ့ရသေးဘူးတဲ့ ကိုကိုက ကျွန်တော်တို့နန်းရွှေမှုံဖြင့် မနက်(၄)နာရီ ကတည်းက နိုးပြီး အချိန်တွေပိုနေလို့ ထမင်းတောင်စားခဲ့တယ်။ တကယ် ဝိရိယကောင်းတယ်လို့ ရီစရာပြောသေးတယ်။
ဒီလိုနဲ့ ကားထွက်ရောဆိုပါတော့ ဗင်ကားနဲ့ကို တော်တော်ကြာကြာမောင်းရပါတယ်။ နန်းတို့နေတဲ့နေရာက ဘန်ကောက်မြို့နဲ့နီးပါတယ်။ သွားလည်တဲ့နေရာကတော့ ကန်ချနပူရီပါတဲ့။ (၈)နာရီကျော်ကျော်လောက် ဆဲဗင်းအီလဲဗင်းမှာ ခဏနားပါတယ်။ မနက်စာမစားခဲ့သူတွေ မုန့်စားကြ၊ အပေါ့အပါးသွားကြပေါ့။
နန်းတို့တော့ သခွါးမွှေး တစ်ခြမ်းဝယ်စားမိပါတယ် (၆၀) ပေးခဲ့ရတယ်။ မြန်မာငွေနဲ့တွက်ကြည့်ရင် သခွါးမွှေး တစ်ခြမ်းကို (၁၈၀၀) (တစ်ထောင်နဲ့ရှစ်ရာလောက်) ကျပါတယ်။ ဒီလိုနဲ့ ဆက်သွားကြရောဆိုပါတော့။ ခြောက်နာရီဆယ့်ငါးလောက်က မောင်းလာတဲ့ကားက ဆဲဗင်းမှာ ခဏနားပြီး ရေတံခွန်ကို မနက်(၁၀) နာရီခွဲခါနီးမှပဲရောက်ပါတယ်။ လမ်းမှာ တွေ့ရတဲ့ရှူခင်းတွေက မြန်မာပြည်ကိုလွမ်းစရာပါ။
လမ်းဘေးဈေးဆိုင်ကလေးတွေမှာ ဒေသထွက် ပစ္စည်းလေးတွေ ချရောင်းနေကြတာလဲ မြန်မာပြည်မှာ ခရီးသွားနေရသလိုပါပဲ။ ရေတံခွန်ရှိတဲ့နေရာဆိုတော့ တောတောင်ရေမြေသဘာဝရှူခင်းလေးတွေက ကြည်နူးစရာပါ။ တောင်တက်လမ်းကလေးတွေ၊ စိုက်ခင်းကလေးတွေကို ကွေ့ကာဝိုက်ကာ ကျော်ဖြတ်ပြီး တော့ရောက်ပါပြီး (၇)ထပ်ရေတံခွန်။
အခေါ်အဝေါ်က ထိုင်းအသံဆိုတော့ မြန်မာလိုရေးပြဖို့ ခက်တာ ကြောင့် (၇)ထပ်ရေတံခွန်လို့ပဲ လွယ်လွယ်ခေါ်တာကောင်းပါတယ်နော့်။ ပထမဦးဆုံး စတုတ္ထထပ် ကို အရင်ရောက်ပါတယ်။ အဲ့ဒီမှာ ကားတွေထားခဲ့ပြီးတော့ အောက်ထပ်တွေကို ခြေလျှင်နဲ့ဆင်းရတယ်။
ရေတံခွန်ကအပြန် ဘုန်းကြီးကျောင်းတစ်ကျောင်းဝင်ခဲ့သေးတယ်။ အဲ့ဒါ ဘုရားပုံတော်က အောက်ဆုံးမှာ ဖြစ်နေမှာစိုးလို့ ဒီနားမှာ ထည့်ထားလိုက်မယ်။ :p အဆင်ပြေသလို ရှေ့နောက် စီပြီး ဖတ်လိုက်တော့မယ် ပြီးမှ။ :))
ကင်မရာလဲမရှိသေးတော့ ဖုန်းနဲ့ပဲ ရိုက်လာရတယ်။ ဖုန်းကင်မရာက ၁၂ အမ်ပီဆိုတော့ ပုံတွေက သိပ်မဆိုးဘူးထင်တာပဲ။ :P ဒါက စတုတ္ထထပ်ပေါ့။
ဒါတွေကတော့ ဂူဂဲလ်မှာ လိုက်ရှာပြီးထည့်ထားတဲ့ပုံတွေပေါ့။ ကိုယ့်ပုံက ဖုန်းနဲ့ပဲရိုက်လာတာဆိုတော့ မလှမှာစိုးလို့ပါ။
ခုမှရောက်ဖူးတာဆိုတော့ ရေတံခွန်ကလဲ ဒါပဲလား။ ပြောတော့ရေချိုးရမယ်ဆို။ ခုတော့ ရေကို လက်နဲ့တောင် ကိုင်ကြည့်လို့မရဘူးတဲ့။ ရောက်ရောက်ချင်း စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ နန်းရဲ့ ကိုကိုပေါ့။ အထုတ်ကတစ်ဖက်ကိုင်လို့...။
ဒါက နန်းတို့နှစ်ယောက်ပေါ့။ ကင်မရာတကားကားနဲ့မလုပ်နိုင်သေးလို့ ကိုယ့်ဖုန်းနဲ့ကိုယ့်ပဲ သူငယ်ချင်းကို ရိုက်ခိုင်းရတယ်။ အမှတ်တရပေါ့။
ပဲပေးနေတဲ့ နန်းရွှေမှုံပေါ့။ ခိခိ။
ရောက်ရာအရပ်မှာ ဓါတ်ပုံရိုက်တာဆိုတော့ ပုံတွေက အများကြီးပါ။ ဒါပေမဲ့ ရှုခင်းကို ရိုက်တာမဟုတ်ပဲ လူကိုပဲရိုက်လာတယ်လေ။ ဝါသနာ ဝါသနာ နန်းကိုကိုကတော့ပြောပါတယ် ကုရာနတ္ထဆေးမရှိတဲ့း) တော်ကြာ ရှုခင်းကို မမြင်ပဲ လူကိုပဲ မြင်နေမှာစိုးလို့ ခိခိ။
ခဏနား ဓါတ်ပုံရိုက်ကြပြီးတော့ မနက်စာစားကြတယ်။ သူများတွေမြက်ခင်းပေါ်မှာ အခင်းတွေခင်းပြီး ဝိုင်းဖွဲ့စားကြပေမဲ့ နန်းတို့ကတော့ မြက်ခင်းပြင်ကို ဖြတ်ပြီး ရှင်းလင်းဆောင်လိုနေရာလေးမှာ သွားစားကြတယ်လေ။
ဒါကတော့ ထမင်းသွားစားတုန်း ဖြတ်သွားတဲ့ မျက်ခင်းပေါ်မှာ ပဲပေးကြတာပေါ့။ :p
ဗျူးပွိုင့်ကနေ လှမ်းကြည့်တဲ့မြင်ကွင်း။
အဲ့နေ့က မိုးရွာနေတယ်လေ။ ပုံထဲက မှုန်မှုန်လေးဖြစ်နေတဲ့နေရာမှာ မိုးရွာနေတာပေါ့။
နန်းဘယ်လိုရိုက်လိုက်လို့လဲ မသိဘူး နေ့ခင်းကြောင်တောင်ရိုက်တဲ့ပုံက မှောင်နေတယ်။ အဲ့လိုတော်တဲ့ နန်းရွှေမှုံပေါ့။ :P
မနက်တုန်းက နန်းက အချိန်တွေပိုနေပြီး သူများတွေ အချိန်မလောက်ကြတဲ့အကြောင်းက အဲ့ဒီမှာ စတာပဲ။ သူများတွေအကုန်လုံး အိမ်ကနေ ထမင်းဟင်းတွေချက်ယူလာကြတယ်တဲ့။ နန်းက မုန့်တွေပဲထည့်လာတယ်လေ။းP အားလုံးစုပြီး စားလိုက်ကြတယ်။ နန်းက မုန့်ပဲပါလာတာဆိုတော့ သူတို့ထည့်လာတဲ့ ထမင်းဟင်းတွေ နှစ်ယောက်သား ကပ်စားကြတယ်။ အဟီး။
အိပ်ရေးပျက်ခံပြီး စောစောထချက်လာတဲ့သူတွေ ကုသိုလ်ရအောင် အပီဆွဲနေတဲ့ နန်းကိုကို။
သူများကုသိုလ်ရအောင် သူ့ကိုလဲ ကျွေးလိုက်သေးတယ်။ စားသောက်နေတဲ့အချိန်လာကြည့်နေတော့ စားမဝင်တော့လို့။သူများထမင်းကပ်စားပြီး အဲ့လိုပဲ :P...
ထမင်းစားပြီးတော့လဲ အလွတ်မပေးပါဘူး။ ထမင်းစားတဲ့အဆောင်လေးပေါ်မှာ ထပ်ရိုက်သေးတယ်။ ဓါတ်ပုံ ဓါတ်ပုံ :P
စားသောက်ပြီးတော့ အောက်ထပ်ကိုဆင်းဖို့ ပြင်ကြရတယ်။ စားစရာသောက်စရာတွေ ကားပေါ်ပြန်သွားထားပေါ့။
ပစ္စည်းတွေပြန်သွားထားတုန်း အလုပ်ရှုပ်နေတဲ့ နန်းသူငယ်ချင်း။
အောက်ထပ်တွေကို သွားရင် စားစရာတွေ ရေဗူးတွေ ဘာတစ်ခုမှ ယူသွားမသွားရ တွေ့ရှိပါက ဘတ်ငွေ (၅၀၀) လို့ အဓိပ္ပါယ်ရတဲ့ ဆိုင်းဘုတ်လေးရှိတယ်။ စားလက်စတွေပါလာရင်လဲ ဂိတ်တဲကလေးမှာ အားလုံးထားခဲ့ရတယ်။ ရေတံခွန်ထဲမှာ အမှိုက်ပစ်မှာဆိုးလို့ထင်ပါတယ်။
အောက်ထပ်တွေကို ဆင်းတဲ့ လှေကားလေးတွေ။ ချော်ကျမှာဆိုးလို့ လက်ရန်းလေးတွေနဲ့။
အပေါ်ထပ်မှာ မှုံကုတ်နေတဲ့ရုပ်က အောက်ထပ်တွေရောက်လာတော့ သူမဟုတ်သလိုပဲ။ လုပ်ထားတဲ့ပုံက ဗိုက်ကို အသက်အောင့်ပြီး ချပ်ထားတယ်။ နံရိုးတွေပေါ်အောင်လို့တဲ့။ သူ့ကိုဓါတ်ပုံရိုက်ပေးတဲ့ သူငယ်ချင်းဆို ဓါတ်ပုံအရင်မရိုက်နိုင်ဘူး သူလုပ်တာကို ထိုင်ရီနေရလို့လေ။
ရေထဲမှာလဲ အဲ့လိုကဲကြတယ်။ :p ဒါက ဒုတိယအထပ်ပေါ့။ ပြီးရင် အောက်ကို တစ်ထပ်ဆင်းအုံးမှာလေ။
အမြင့်ကြီးကနေ ခုန်ချတဲ့ ကိုကို ဓါတ်ပုံလှမ်းရိုက်တာ မမိလိုက်ဘူး။ အပေါ်စီးက ရိုက်ထားလို့ မြင့်တာ မသိသာပေမဲ့ တော်တော်မြင့်ပါတယ်။ အဲ့ပေါ်ကနေ ခုန်ချ ဒိုင်ဗင်ထိုးချလုပ်နေတဲ့ ရေသရဲ။ အောက်ကရေကလဲ အနက်ကြီးပဲတဲ့ နန်းက ရေမကူးတတ်လို့ ကမ်းစပ်က ကျောက်ဆောင်မှာပဲ ထိုင်နေတယ်။ ဒါကတော့ အောက်ဆုံးအထပ်ပေါ့။
ဒါကတော့ အဝတ်လဲပြီးသွားပြီ။
သူများတွေ အပေါ်ပြန်တက်ပြီး ရေချိုးခန်းမှာ ရေပြန်ချိုးပြီးမှ အဝတ်လဲကြပေမဲ့ မိုးအေးတော့ နန်းက တအားချမ်းနေတာနဲ့ ကိုက အဝတ်လဲခိုင်းတယ်လေ။ တော်ကြာဖျားမှာစိုးလို့တဲ့။ ကျန်းမာရေးက သိတဲ့ အတိုင်းပဲ။ ရေထဲက ပြန်တက်လာချိန် ခြေထောက်တွေညစ်ပတ်နေလို့ ဘောင်ဘီရှည်ဝတ်ရင် ညစ်ပတ် ကုန်မှာပေါ့ ကိုကလဲ ဆိုတော့ စမ်းချောင်းလေးစီခေါ်သွားပြီး ခြေထောက်ကိုသေချာဆေးပေးပါတယ်။
နန်းတို့ရေဆော့နေတဲ့နေရာက ခြေထောက်ဆေးဖို့မလွယ်ဘူး။ ကျောက်ဆောင်တွေကနေ အောက်ကိုဆင်းရတယ်ဆိုတော့လေ။စမ်းချောင်းလေးဘေးမှာ ဗွက်တွေရှိလို့ ကို့ပုခုံးကို လက်က ကိုင်ထား ခြေထောက်တစ်ဖက်ကိုမြှောက်ပေး ကိုက လက်တစ်ဖက်နဲ့ရေပက်ပြီး လက်တစ်ဖက်နဲ့ ပွတ်သတ်ဆေးပေး။ ပြီးတော့ ဖိနပ်တစ်ဖက်စီးပြီး နောက်တစ်ဖက်ပြန်ဆေးပေး ပြီးတော့ ဖိနပ်စီး။
အဲ့လိုနဲ့ ခြေထောက်ဆေးတဲ့စခန်း ပြီးသွားတယ်။ ခိခိ။ အဲ့လို့ပွေးတဲ့ နန်းရွှေမှုံပေါ့။
မိုးတွေရွာနေလို့ ပေါ်ထပ်(ငါးထပ်၊ ခြောက်ထပ်၊ ခုနစ်ထပ်) တွေ ဆက်မသွားခဲ့တော့ဘူး။ ပြန်လာကြတယ်။ ရေဆော့ထားတဲ့အရှိန်နဲ့ဆိုတော့ ဗိုက်ပြန်ဆာကြ အိပ်ငိုက်ကြပေါ့။ နန်းက ပေါင်မုန့်ဆင်းဒဝစ်ရှ် တွေလုပ်သွားတာဆိုတော့ သူတို့ကိုပြန်ကျွေးရတယ်။
လမ်းမှာ ဒေသထွက်အစားအစာတွေရောင်းတဲ့ဆိုင်လေးမှာ ဝင်ပြီး စားစရာတွေဝယ်ကြသေးတယ်။ ဓါတ်ပုံမရိုက်ခဲ့ရဘူး။ သူတို့မုန့်တွေက အချိုတွေများတော့ နန်းက အချိုမကြိုက်တာနဲ့ မဝယ်ဖြစ်ပါဘူး။ စားလည်းမစားတတ်သေးဘူး။ သူ့တို့အစားအစာတွေကို။
အပြန်လမ်းမှာ ဘုန်းကြီးကျောင်းတစ်ကျောင်းဝင်ခဲ့ကြသေးတယ်။ ထိုင်းတွေ (မြန်မာတွေအခေါ် ရှမ်းတွေ) က ဘုရားကို ထိုင်မကန်တော့ကြဘူး။ နတ်ကိုတော့ သွားကန်တော့ကြတယ်။ နန်းတို့ကတော့ ဘုရားကို ထိုင်ပြီး ဦးချခဲ့ကြတယ်လေ။
အဲ့ ဘုရားပုံတော်က အောက်ဆုံးက ဖြစ်နေတော့မယ်။ အပေါ်ဆုံးမှာ ပြန်သွားထည့်တာကောင်းပါတယ်။ အလည်သွားတာကတော့ ဒီလောက်ပါပဲ။ မှတ်မှတ်ရရလေးဖြစ်နေစေချင်ရုံပါပဲ။ နန်းပုံတွေများနေတယ်ထင်တာပဲ။
လာလည်သွားပါတယ်
ReplyDelete