Saturday, January 23, 2016

ရှင်မင်းသန့် လေ့ကျင့်ခန်းလုပ်နေသည်။



သမီးကို မသန်မစွမ်းလေ့ကျင့်ရေးစင်တာမှာ လေ့ကျင့်ခန်းသွားလုပ်ပေးတာပါ။ သမီးလေးက အသက် ၄ နှစ်ပြည့်တော့မယ် မတ်တပ်မရပ်နိုင်၊ လမ်းမလျှောက်နိုင် စကားမပြောနိုင်သေးဘူးလေ။ ဒါကြောင့် ကလေးဆေးရုံကြီးမှာ သွားပြပြီး နန်းတို့အိမ်နဲ့နီးတဲ့နေရာကို ဆေးရုံက ညွှန်းလိုက်လို့ သွားလုပ်တာ ကလေးကို လေ့ကျင့်ခန်းလုပ်ပေးတာတွေ ဆေးရုံသွားပြရတာတွေကို အသေးစိပ်ရေးချင်ပေမဲ့ မရေးတတ်ဘူး။ အဲ့တော့ ပုံတွေပဲ တင်တော့မယ်နော်။




သူက နောက်ကျောမှာရှိတဲ့ ကြွက်သားတွေ အားနည်းလို့ မတ်တပ်မရပ်နိုင်တာတဲ့ ဒါကြောင့် နောက်ကျောကကြွက်သားတွေ လှုပ်ရှားသန်မာတဲ့ ကစားနည်းနဲ့ ကစားခိုင်းရတယ်။ စူပါမင်းလို ပွေ့ထားပြီးတော့ လက်ထဲက ကွင်းလေးတွေကို မြောက်ပြီး တိုင်မှာ စွပ်ခိုင်းရတယ်။ အင်္ကျီအဖြူလေးနဲ့ သေးသေးလေးက ကလေးအထူးကုဆရာဝန်မလေးပေါ့။ ဒီဖက်ဘေးက ဆံပင်စုပ်ဖွားနဲ့ အမကြီးကတော့ ဒေါ်နန်းရွှေမှုံပါ။ လေးလပိုင်းက မယ်သီလရှင်လူထွက်တဲ့ ဆံပင်က ခုမှ အဲ့လောက်ပဲရှိသေးတယ်။ ပြီးတော့ ဆံပင်က နဂိုကောက်ဆိုတော့ ဘယ်လိုလုပ်လုပ် အဲ့လို စုပ်ဖွားနဲ့ပဲ။ ဆရာဝန်မလေးနဲ့နန်းနဲ့ အင်္ဂလိပ်လိုရော ထိုင်းလိုရော အမူအရာနဲ့ရော ပေါင်းစုံအောင်ပြောကြရတယ်။ နန်းကလည်း ထိုင်းစကားက လုပ်ငန်းသုံးနဲ့ နေ့စဉ်အသုံးလောက်ပဲ သင်ထားတတ်ထားတာကိုး ဆေးပညာစကားလုံးတွေကျတော့ နားမလည်တော့ဘူး။ ဆရာဝန်မလေးက နည်းလမ်းပေါင်းစုံနဲ့ နန်းနားလည်အောင်ရှင်းပြပေးတယ်။ နေ့လည် ၂ နာရီကနေ ၅ နာရီအထိ ကလေးနဲ့ ကစားပေးတယ်။




အဲ့ဒီ ရာဘာဘောလုံးကြီးပေါ်မှာ Twinkle Twinkle Little Star သီချင်းဆိုပြီး တက်ခုန်နေကြတယ်။ ဘောလုံးပေါ်မှာ သမီးရဲ့ လက်ကလေးတွေထောက်၊ ခြေထောက်ကလေးတွေထောက် ပြီးတော့ ခုန်ပေးတာ သူ့ရဲ့ ဂျွိုင်းဆက်ကလေးတွေ လှုပ်ရှားပြီးတော့ သူ့ရဲ့ဦးနှောက်ကို အလုပ်လုပ်စေတယ်တဲ့။ သူ့ရဲ့အဆစ်တွေကြားမှာ ရှိတဲ့ အရွတ်တွေနဲ့ ကြွက်သားတွေ လှုပ်ရှားမှုဖြစ်လာစေတယ်တဲ့။ အိမ်မှာလဲ သူတက်ခုန်လို့ရမဲ့ ရာဘာအရုပ်တွေ ဝယ်ပေးပါတဲ့။ အင်္ကျီအဝါနဲ့ ဓါတ်ပုံရိုက်နေတဲ့ အမကြီးက နန်းရဲ့အလုပ်က မန်နေဂျာပါ။ ကလေးနေကောင်းဖို့ တပတ်တခါ ခွင့်လဲယူခွင့်ပြုတယ်။ သူကိုယ်တိုင်လဲ ကားနဲ့ လိုက်ပို့ပေးတယ်။ ပြန်ရင်လဲ သူကိုယ်တိုင် အိမ်တိုင်ယာရောက် ပြန်လိုက်ပို့ပေးတယ်။ သမီးအတွက် လိုအပ်မဲ့ ကစားစရာတွေကိုလဲ သူ ဝယ်လာပေးမယ်တဲ့။ နောက်မှ ပိုက်ဆံပြန်ပေးပေါ့တဲ့။ ထိုင်းနိုင်ငံမှာနေပြီး နန်းက ဘယ်မှသွားတာမဟုတ်ဘူးလေ။ ဝယ်စရာရှိမှ Big C လောက်သွားတာ ဒါတောင် မှန်မှန်မသွားဘူး။ ၂ လ ၃ လ နေမှ တစ်ခေါက်လောက်ရောက်တာ။ ကလေးဖွံ့ဖြိုးမှုနဲ့ပတ်သတ်တဲ့ ကစားစရာတွေ ဘယ်နားရှိမှန်းလည်း မသိဘူးရယ်။ သူရှာပြီး ဝယ်လာပေးမယ်ဆိုတော့  ကျေးဇူးကမ္ဘာပေါ့။ ဒီလို စိတ်စေတနာကောင်းတဲ့ ထိုင်းလူမျိုးမန်နေဂျာမမ ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဘေးဘယာဝေးကွာပါစေလို့ အမြဲ မေတ္တာပို့ပေးနေပါတယ်။ 






ဒါတွေက မေမေ အိမ်မှာ နေ့တိုင်း လုပ်ပေးရမဲ့ လေ့ကျင့်ခန်းတွေ။ လက်ဆစ်၊ ခြေဆစ် ကလေးတွေနဲ့ ခါးရိုးဆစ်၊ တင်ပါးဆုံရိုးတွေ၊ ကြွက်သားတွေအတွက် လေ့ကျင့်ခန်းတွေပေါ့။ နောက်တပတ်လည်း ထပ်သွားရအုံးမှာ။ ဒီတပတ်တော့ ဒီလောက်ပါပဲ။

No comments:

Post a Comment