Tuesday, February 23, 2016

အင်္ကျီအတွက်ကိုယ်တိုင်းနည်း

လည်ပင်း
လည်ပင်းပတ်လည်ကို တိုင်းရမှာပါ။ ကလေးလေးတွေအတွက်ဆိုရင်တော့ လည်ပင်းလေးကို နည်းနည်း ချောင်ချောင်လေး တိုင်းရပါမယ်။

ပုခုံး
ပုခုံးနှစ်ဖက် လက်မောင်းရဲ့ ထိပ်နားမှာ အရိုးဖုလေး ၂ ဖုရှိပါတယ်။ ကုတ်ပိုးပေါ်ကနေ ပုခုံးရဲ့ဟိုဖက် ဒီဖက် လက်မောင်းရဲ့အပေါ်က အရိုးဖုလေး ၂ ဖုအထိ တိုင်းရမှာပါ။

ရင်
ရင်ရဲ့ အမို့မောက်ဆုံး နေရာကို ပေကြိုးနဲ့ ပတ်ပြီး တပတ်လည်လုံးတိုင်းရမှာပါ။

ရင်ကျ
ပုခုံးကနေ ရင်ရဲ့အမို့မောက်ဆုံးနေရာကို တိုင်းတာပါ။ ရင်ကျတိုင်းတာ ရင်ဒေါက်ထည့်ဖို့တိုင်းတာပါ။ နန်းကတော့ ရင်ထိပ်တည့်တည့်ကြီးမှာ ရင်ဒေါက်ရှိနေတာကို မကြိုက်လို့ မတိုင်းပါဘူး။ ရင်ဒေါက်ဆိုတာ ရင်နေရာကို ပင့်တင်ထောက်ပံ့ထားတဲ့ အရာလို့ နန်းက ထင်ပါတယ်။ ဒါကြောင့် ရင်ဒေါက်ဆိုတာ ရင်ရဲ့(အမို့မောက်ဆုံးနေရာရဲ့) အောက်နားလေး တစ်လက်မလောက်အကွာမှာ ရှိသင့်တယ်လို့ နန်းက ယူဆပါတယ်။ (နန်းက ဆရာသင်တဲ့အတိုင်း ၏ သည် မရွေး လိုက်မလုပ်ဘူး ဟီးးးး နန်းစိတ်နဲ့နန်းတွေးပြီး နန်းကြိုက်သလို စမ်းသပ်ကြည့်တယ်။ နန်းအတွေးနဲ့လုပ်ထားတဲ့အရာက ပိုပြီးအဆင်ပြေတယ်ထင်ရင် နန်းအတွေးကိုပဲ လက်ခံတယ်။ အဆင်မပြေတော့လည်း ဆရာသင်တဲ့အတိုင်းပေါ့ နော့း) ဆရာခွင့်လွှတ်မှာပါလေ။ သူသင်ထားတာတွေကို ဖျက်ပစ်တာမှမဟုတ်တာပဲ။ ဖြန့်ကျက်တွေးခေါ်တာပဲဟာ။

ဂျိုင်း
လက်မောင်းကို အရမ်းမမြှောက်စေပဲ ဂျိုင်းနဲ့ ပုခုံး(လက်မောင်းပေါ်မှ အရိုးဖုလေးနေရာ)ကို ပတ်ပြီး ဂျိုင်းကို တိုင်းရမှာပါ။ ဂျိုင်းကို ပေကြိုးနဲ့ ပတ်ထားပြီးရင် လက်မောင်းကို ချကြည့်ခိုင်းရမယ်။ လက်မောင်းကို အရမ်းမြှောက်ပြီးမှ တိုင်းရင် ဂျိုင်းနေရာမှာ ကျပ်နေတတ်ပါတယ်။

လက်မောင်း
ဂျိုင်းကို တိုင်းပြီးရင် ပေကြိုးကို မဖြုတ်ပဲ လက်မောင်းအတိုင်း အောက်နဲနဲလျှောပြီး လက်မောင်းကို အရင်း(ဂျိုင်းနဲ့တည့်တည့်နေရာ) ကိုတိုင်းရမှာပါ။ တချို့လူတွေက လက်ဖျံတွေ သေးပေမဲ့ လက်မောင်းတွေ တုတ်နေတတ်ပါတယ်။ အထူးသဖြင့် ဝတဲ့သူတွေကို လက်မောင်း တိုင်းဖို့လိုအပ်ပါတယ်။ သူတို့လက်မောင်းနေရာတွေဟာ အဆီတွေနဲ့ ပိုတုတ်နေတတ်လို့ပါ။ လက်မောင်းကို တိုင်းထားမှသာ လက်မောင်းနေရာမှာ ကျပ်နေတာမျိုးတွေ မဖြစ်မှာပါ။

လက်ရှည်
ပုခုံး တိုင်းတုန်းက လက်မောင်းထိပ်က အရိုးဖုလေးကနေ ကိုယ်လိုချင်သလောက် လက်အရှည်ကို လက်မောင်းတလျှောက် တိုင်းရမှာပါ။ လက်တိုလိုချင် လက်တိုပေါ့။ လက်စကလိုချင် လက်စကပေါ့။ လက်ရှည်လိုချင် လက်ရှည်ပေါ့။

လက်ဝ
ကိုယ်လိုချင်တဲ့ လက်အရှည်နေရာကနေ လက်ကို ပတ်ပြီး ကိုယ်လိုချင်သလောက် လက်ဝကို တိုင်းယူရမှာပါ။ ပေကြိုးကို လက်နဲ့ ကွက်တိပတ်ပြီး တိုင်းဖို့မလိုအပ်ပါဘူး။ လက်ရှည် လက်စည်း ဆိုရင်တောင် လက်နဲ့ကွက်တိအပြင် လက်တစ်လုံးကျော်ကျော်လောက် ချန်ထားပြီးမှတိုင်းသင့်ပါတယ်။ ပေကြိုးကို လက်မှာပတ်ပြီး ပေကြိုးအောက်မှာ လက်ညှိုးလေးခံပြီးမှ တိုင်းပါ။ ဒါမှ လှုပ်သာ လူးသာဖြစ်မှာပါ။

ခါး
ခါးကိုပတ်ပြီး တိုင်းရမှာပါ။

ခါးကျ
ခေါင်းငုံ့လိုက်ရင် ကုတ်ပိုးမှာ အရိုးဖုလေးရှိပါတယ်။ အဲ့ဒီအရိုးဖုလေးကနေ ခါးအသိမ်ဆုံးနေရာအထိ ကျောရိုးတလျှောက် တိုင်းရမှာပါ။ ခါးကျကို တိုင်းထားမှသာ အင်္ကျီချုပ်တဲ့အခါ ခါးသိမ်ရမဲ့နေရာကို မှန်မှန်ကန်ကန်သိနိုင်မှာလေ။ လူတစ်ယောက်နဲ့ တစ်ယောက် ခါးအရှည်ချင်းမတူကျဘူးမို့လား။ ခါးကျနေရာကို တိုင်းထားမှသာ အင်္ကျီရဲ့ ခါးသိမ်တဲ့နေရာနဲ့ ကိုယ့်ရဲ့ ခါးသိမ်တဲ့နေရာနဲ့ ကွက်တိ fit ဖြစ်နေမှာပေါ့။
ခါးရှည်
ခါးရှည်ကတော့ ရှင်းပါတယ်။ ကိုယ်ဝတ်မဲ့ အင်္ကျီကို ဘယ်လောက်ရှည်ရှည်ဝတ်ချင်သလဲ။ တင်ပါးဖုံးတဲ့အထိရှည်ချင်သလား။ ခါးတင်ရုံပဲလား။ ကုတ်ပိုးက အရိုးဖုလေးကနေ လိုချင်သလောက် အရှည်ကို ကျောရိုးတလျှောက် တိုင်းယူရုံပါပဲ။
တင်
ကိုယ်လိုချင်တဲ့ ခါးရှည်နေရာကနေ တင်ပတ်လည်ကို တိုင်းရမှာပါ။ ခါးတင်ရုံအရှည်ပဲလိုချင်ရင် ခါးတင်နေရာကနေ ပတ်ပြီး တိုင်းပေါ့။ ဒါမှ အင်္ကျီက မလိုအပ်ပဲ တင်ကားကားကြီး ဖြစ်မနေမှာပါ။

စက်ချုပ်နည်းလေးတွေ တင်မယ်တင်မယ်နဲ့ ဘယ်လိုတင်ရမလဲဆိုတာ ဆုံးဖြတ်လို့မရနိုင်ဘူးဖြစ်နေတယ်။ ပုံတွေဘာတွေလည်း  အက်ဒစ်မလုပ်တတ်။ ပြီးတော့ နန်းက စက်ချုပ်သင်တန်းလိုနေရာမှာ သင်တာမဟုတ်ပဲ စက်ချုပ်ဆိုင်မှာ သွားသင်တာဆိုတော့ ပက်တမ်တွေဘာတွေနဲ့ စက္ကူပေါ်မှာ ပုံဆွဲပြီးမှ သင်တာမျိုးမဟုတ်ဘူး။ ဒါကြောင့် အစီအစဉ်တကျမရှိဘူးပေါ့။ ဆရာကလဲ အပ်ထည်တွေကို တိုက်ရိုက် ချုပ်ခိုင်းတာ။ (မကြောက်နဲ့ ပျက်သွားရင် သူလျှော်မယ်။ ဒါမှ စိတ်ရဲမှာတဲ့။) အပ်တဲ့သူလာရင် ကိုယ်တိုင်းတာကြည့် လေးငါးယောက်တိုင်းပြပြီးရင် နောက်လူတွေ နန်းကတိုင်း။ အပ်တဲ့လူမလာရင် သူညှပ်တာကြည့် အတိုင်းစာအုပ်ရှေ့ချပြီး ဒိုးဒေါက် ဒိုးဒေါက်နဲ့ တွက်ပြသွား။ ပြီးတော့ ဂျွက်ဂျွက်နဲ့ ညှပ်။ ညှပ်ပြီးတော့မှ ပခုံးဆိုရင် ၂ နဲ့ စားရတယ်။ ပခုံးက အရှည်လိုက်တိုင်းထားတာမို့။ ရင်တွေ ခါးတွေ တင်တွေကိုတော့ ၄ နဲ့စားရတယ်။ ပတ်ပြီးတိုင်းထားတယ် ပြီးတော့ ပိတ်စညှပ်ရင်လဲ ရှေ့ခြမ်းတစ်ခါ နောက်ခြမ်းတစ်ခါခွဲညှပ်တာမို့။ ပြီးရင် ခါးကို ဘယ်လောက်ပေါင်း ဒေါက်က ဘယ်လောက် ချုပ်စာက ဘယ်လောက်။ တင်ကိုဘယ်လောက်ပေါင်း။ ရင်ကိုဘယ်လောက်ပေါင်းနဲ့ ပါးစပ်ကနေ တောက်လျှောက် ပြောသွားတာ။ ပြီးတော့ စာအုပ်နဲ့ မှတ်နေတာကို မကြိုက်ဘူး။ သူပြောတာကို သေချာနားစိုက်ထောင် ညှပ်ရတဲ့အချိန်တွေများလာရင် သူ့အလိုလိုမှတ်မိသွားလိမ့်မယ်တဲ့။ စက်ချုပ်ခါနီး စာအုပ်ကို ပြန်လှန်ကြည့်နေတာမျိုးကိုလည်း သူကမကြိုက်ဘူး။ ဆိုတော့ နန်းလည်း စက်ချုပ်နည်းတွေကို အစီအစဉ်တကျ စနစ်တကျလေး မလုပ်နိုင်မှာစိုးရိမ်ပြီး တင်မယ်တင်မယ်နဲ့ မတင်ဖြစ်ဘူး။ တခြားဆိုဒ်တွေလိုက်ရှာ ဖေ့ဘုတ်တွေလိုက်ကြည့်ပြီးမှ ကိုယ်တိုင်းနည်းက စတင်မယ်လေဆိုပြီး တင်ဖြစ်တာပါ။ စက်ချုပ်နည်း ပို့စ် တစ်ခုနဲ့ တစ်ခု တော်တော်လေး ကြာအုံးမယ်ဆိုတာလဲ ကြိုတင်တောင်းပန်ထားပါရစေး)))


No comments:

Post a Comment