Friday, December 26, 2014

၂၀၁၄။

မြတ်ကြည်က ၂၀၁၄ သမင်လည်ပြန်ဆိုတော့။ နန်းက ၂၀၁၄ ခြင်္သေ့ လည်ပြန်လို့ပေးရင်ကောင်းမလားလို့။ ဟိဟိ။ ကျန်တဲ့ ဘလော့ဂါတွေရော ဘာလည်ပြန်တွေဖြစ်မလဲမသိ။ ဒီတစ်နှစ်က မနှစ်ကထက်စာရင်တော့ အများကြီး တိုးတက်ပြောင်းလဲလာတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ မနှစ်က ဒီအချိန်မှာလဲ ဒီအလုပ်ဒီနေရာ ဒီလစာပါပဲ။ ဒီနှစ်လဲ ဒီအလုပ် ဒီနေရာ ဒီလစာပါပဲ။ အလုပ်စဝင်ပြီး ရှစ်လကျော်ကိုးလနီးပါးမှ ဒီနေရာရောက်တာဆိုတော့ မနှစ်က ဒီအချိန် ဒီနေရာရောက်တာ သုံးလေးလပဲရှိသေးတာပေါ့။ အဲ့တော့ အလုပ်နဲ့ပတ်သက်တာတွေ သိပ်နားမလည်သေးဘူးပေါ့။ ဒီတစ်နှစ်ကျတော့ ဒီနေရာမှာ လုပ်သက်တစ်နှစ်ကျော်သွားပြီဆိုတော့ တော်တော်လေး နားလည်လာပြီ ဆိုတဲ့သဘောပေါ့လေ။ အဟီး။ နှစ်စမှာ ကတည်းက ဒီတစ်နှစ်တော့ ဘာတွေလုပ်ချင်တယ် ဘာတွေဖြစ်ချင်တယ်လို့ ဒိုင်ယာရီစာအုပ်မှာ ရေးထားတာရှိတယ်။ လုပ်ချင်တာ ဖြစ်ချင်တာတွေကိုတော့ အကုန်လုံးမလုပ်ဖြစ်ပါဘူးလေ။ ရာခိုင်နှုန်းတော်တော်များများတော့ ဖြစ်လာလို့တော်သေးတယ်လို့ပြောရမှာပေါ့။

ဘာသာရေး
မနှစ်ကထက် ဒီနှစ်မှာ ကုသိုလ်ကောင်းမှု အလှူအတန်းတွေ အများကြီးလုပ်နိုင်လာတယ်။ ကထိန်ပွဲ၊ အလှူပွဲ၊ တရားပွဲတွေမှာ လူအား၊ ငွေအား၊ ပညာအား(ကွန်ပျူတာ စာစီပေးတာတွေကိုပြောတာပါ။) နဲ့ ပါဝင်နိုင်လာတယ်။ နှစ်တစ်ဝက်လောက်အထိ ဥပုသ်နေ့တိုင်း ဥပုသ်သီလတွေ ဆောက်တည်နိုင်လာတယ်။ အလုပ်က ၁၂ ခွဲမှထမင်းစားရတော့ ဥပုသ်စောင့်တဲ့နေ့ဆို မနက်စာ တစ်နပ်ပဲ စားဖြစ်တော့တယ်။ နောက်ပိုင်း ဗိုက်အောင့် အောင့်လာတာနဲ့ မစောင့်ဖြစ်တော့တာ။

မိခင်ဖခင်
ဒီနှစ်ပိုင်း ဒက်ဒီက တော်တော်ဆိုးလာတယ်။ မလိမ်မာဘူး။ မိသားစုအကြောင်းတွေပြောရမှာ ရှက်လဲရှက်ပါတယ်။ ဒါပေမဲ့ ရင်ဖွင့်စရာလဲ ဒီတစ်နေရာပဲရှိတယ်။ ဒက်ဒီက ညနေဘက်တွေဆို သောက်ပြီးတော့ ဆူပူအော်ငေါက်တွေလုပ်လာတယ်။ ဒါကြောင့် သားသားကလဲ မေမေတို့နဲ့ နေချင်ပြီလို့ပြောတာ။ ဒက်ဒီအဲ့လိုတွေလုပ်ရင် မောင်လေးက မသိသလိုနေပြီး ညီမလေးတွေနဲ့ မာမီက သည်းခံနေကြပေမဲ့ နန်းကတော့ လုံးဝ သည်းမခံနိုင်ဘူး။ မောင်နှမတွေထဲမှာ တစ်ယောက်ထဲသော ယောက်ျားလေးဖြစ်တဲ့ မောင်လေးက မသိသလိုနေတော့ ဒက်ဒီ့ကို ပြောမဲ့သူ နန်းတစ်ယောက်ပဲရှိတော့တယ်လေ။ နန်းက အကြီးဆုံးမို့လား။ ဒါကြောင့် နန်းနဲ့ ဒက်ဒီနဲ့ မတည့်တာ။ မောင်လေးက ဆယ်တန်းအောင်ပြီးကတည်းက စစ်တက္ကသိုလ်သွားတက်တော့ အိမ်မှာမရှိတာလဲ ကြာပါပြီလေ။ တခါတလေမှ အိမ်ပြန်လာတာ။ အဲ့တော့ နန်းက လူဆိုးပေါ့။ အဲ့ဒါတွေကြောင့်လဲ နန်း အိမ်နဲ့ အဝေးဆုံးမှာလာနေတာ။ အနားမှာနေရင် ကြာလာရင် ဖအေကိုပြန်ပြောတဲ့အပြစ်တွေ များလာမယ်။ မာမီက ဖုန်းဆက်တိုင်း မာမီအသက်ကြီးရင် သမီးကြီးနဲ့ပဲနေမှာနော်တဲ့။ မာမီလဲ မြေးတွေထိန်းရင်း အေးအေးဆေးဆေးနေချင်ပြီတဲ့။ သမီးဒက်ဒီကလဲ ကြာလာလေလေ ကြောက်စရာကောင်းလာလေလေပဲတဲ့။ ဒက်ဒီ့ကို ပြောနိုင်တာလဲ နန်းပဲရှိတာ။ သူစိတ်ချမ်းသာပါစေဆိုပြီး လွှတ်ထားတော့လဲ ကျန်တဲ့ တစ်အိမ်လုံးကလူတွေ စိတ်မချမ်းသာရဘူး။ဒက်ဒီ့မှာ တစ်ခုခုကို စိုးရိမ်စိတ် မဟုတ်ရင် အားငယ်စိတ်တခုခုများရှိနေလားလို့ နန်းတွေးမိတယ်။ ပြန်တဲ့အခါကျရင် သေချာလေ့လာရမယ်။ သိအောင်လုပ်ရမယ်။ ပြန်လဲ ပြန်ချင်တယ်။ ပြန်လဲ မပြန်ချင်ဘူး။

သားရေးသမီးရေး
ဒီနှစ်မှာ သမီးလေးကျန်းမာရေးလဲ တော်တော်ကောင်းလာတယ်။ အရင်က ထိုင်ရင်တောင် ခေါင်းသိပ်မခိုင်ပဲ တုန်ချိတုန်ချိလေးနဲ့ သမီးလေးက ခုဆို သူ့ကိုယ်သူလဲ ကုန်းထပြီး ထိုင်နိုင်လာပြီ။ တန်းကို ကိုင်ထားပြီးတော့လဲ မတ်တပ်ရပ်နိုင်လာပြီ။ ခဏခဏလဲ မဖျားတော့ဘူး။ ငိုတာနဲ့ ရီတာကလွဲလို့ ဘာမှမတတ်တဲ့သမီးလေးက သူစားနေတဲ့မုန့် လုစားရင်၊ သူမကြိုက်တာလုပ်ရင်၊ သူမကျေနပ်ရင် ပြန်အော်တတ်လာပြီ။ အံကြိတ်ပြတတ်လာပြီ။ သူ့ကို ဖုန်းပေးလိုက်ရင် နားနားကပ်ပြီး ဟရို လို့ လုပ်တတ်လာပြီ။ လူကြီးတွေတွေ့ရင်၊ သူ့ကို တယောက်ယောက်က မုန့်ဖိုးပေးရင် လက်အုပ်လေးချီပြီး စဝပ်ဒီးခါ့ လုပ်တတ်လာပြီ။ သူ့ပါးလေးကို လက်ညှိုးထိုးပြပြီး အာဘွားပေးခိုင်းတတ်လာပြီ။
ဒီနှစ်ထဲမှာ သားသားက ၁၁ နှစ်ပဲရှိသေးပေမဲ့ တော်တော်ထွားလာတယ်။ အရပ်ကြီးက မအေကိုမှီတော့မယ်။ နန်းအရပ် ၅ ပေ၊ ၄ လက်မ ရှိတယ်။ ပုတယ်လို့မဆိုသာပါဘူး။ (ဒေါက်ဖိနပ်စီးထားရင်ပြောပါတယ်။) သားသားအရပ်က  နန်းပုခုံးကျော်လာပြီ။ ဖိနပ်ဆိုဒ်က မအေနဲ့အတူတူ နံပါတ် (၄၀) ဖြစ်လာပြီ။ ပါပါးတို့၊ မေမေတို့၊ ညီမလေးတို့နဲ့ တူတူနေချင်တယ်။ ဘန်ကောက်ကို ရောက်ဖူးချင်တယ်လို့ ပြောတတ်လာပြီ။ သိတတ်နားလည်လာပြီပေါ့။

စာပေနှင့် ဘာသာစကား
ထိုင်းစကားနဲ့ ထိုင်းစာတွေ ပြောနိုင်ဖတ်နိုင်ရေးနိုင်လာပြီ။ ထိုင်းစာတွေကို ကွန်ပျူတာနဲ့လဲ ရိုက်နိုင်လာပြီ။ လျှာတော့မသွက်သေးဘူး။ အရင်က စကားမတတ်တော့ သူများတွေစကားပြောနေပေမဲ့ နန်းက မနက်ပိုင်း စဝပ်ဒီးခါ့ တစ်ခွန်းက လွဲလို့ တစ်နေကုန် စကားတစ်ခွန်းမှ မပြောဖြစ်တဲ့ရက်တွေတောင် ရှိမလားပဲ။ နေ့လည်ထမင်းစားချိန်တော့ ကိုယ့်မြန်မာအချင်းချင်းတွေနဲ့မြန်မာစကား ပြောဖြစ်ပါတယ်။ ခုတော့ နဲနဲပါးပါး ဝင်ပြောနိုင်လာပါပြီ။ လေးငါးဆယ်ခွန်းပေါ့။ ဟီးဟီး။ ရှမ်းဖြစ်ပြီး ရှမ်းစကားမတတ်တော့ သူတို့စကားကို မတတ်လွယ်ဘူး။ မဟုတ်ရင် နန်းတို့ရှမ်းစကားနဲ့ ထိုင်းစကားနဲ့ နည်းနည်းပါးပါးတူတယ်ဆိုတော့ မြန်မြန်တတ်ချင်တတ်မှာပေါ့။ မွေးကတည်းက စကားတစ်မျိုးပဲ ပြောလာတော့ နောက်ဘာသာစကားတစ်မျိုးပြောဖို့ ပါးစပ်က တအားခက်ခဲတယ်။ တခြားဌာနတွေမှာ ထိုင်းစကားတတ်တဲ့မြန်မာတွေ ရှိပေမဲ့ နန်းတို့ဌာနမှာတော့ နန်းတစ်ယောက်ပဲ မြန်မာရှိတယ်။ အင်္ဂလိပ်စာကိုတော့ အချိန်တစ်ခုသေချာပေးပြီး မလေ့လာဖြစ်သေးဘူး။ စာတွေဖတ်ဖို့လဲ အချိန်မရသေးဘူး။ ဟိုစာ ဒီစာ တိုလီမုစလေးတွေပဲ လျှောက်ဖတ်ဖြစ်နေတယ်။ နောက်နှစ်ကျရင် စက်ရုံမှာ စာကြည့်တိုက်ဖွင့်ပေးမယ်တဲ့။ အားတဲ့အချိန် စာသွားဖတ်လို့ရတယ်တဲ့။ ဖတ်ချင်တဲ့မြန်မာစာအုပ်တွေရှိရင် မြန်မာပြည်ပြန်တဲ့သူတွေကို ပိုက်ဆံပေးပြီး မှာပေးမယ်တဲ့။ အဲ့ဒါတွေကို နန်းပဲစီစဉ်ရမှာမို့ ဘာစာအုပ်တွေ ဝယ်ခိုင်းရင်ကောင်းမလဲလို့ ကွန်မန့်မှာ အကြံပေးကြပါအုံးနော်။ စာဖတ်ချိန်တော့ ရလာတော့မှာပါ။
သူတို့ဝယ်ခိုင်းတဲ့ စာအုပ်တွေလဲ ရှိတယ်။ 
1. K.Y.T
2. KAIZEN
3. T.P.M Total Productive Maintenance
4. T.Q.M Total Quality Management
5. Lean
6. ISO 14067 Carbon Footprint
7. ISO 27000 Information Security Standard
8. ISO 50001 Energy Management System
9. ISO 26000 Corporate Social Responsibility အဲ့စာအုပ်တွေ ဘယ်မှာဝယ်လို့ရနိုင်မလဲဆိုတာ အကြံပြုကြပါအုံး။ အဲ့စာအုပ်တွေ မြန်မာလိုရောရှိရဲ့လားမသိဘူး။ သွားဝယ်မဲ့သူက ဘယ်မှာဝယ်ရမှန်းမသိဘူးတဲ့။ သိတဲ့သူများ ကူညီကြပါအုံးနော်။

ငွေရေးကြေးရေး
ခုချိန်ထိတော့ မစုမိသေးဘူး။ စာတစ်ပုဒ်ဖတ်ဖူးတယ် သုံးလို့ပိုတာမစုနဲ့ စုလို့ပိုတာသုံးတဲ့။ နန်းက သုံးလို့ပိုတာစုနေတော့ မပိုတတ်တော့ဘူး။ အဲ့တော့ မစုဖြစ်တော့ဘူး။ လှူနိုင်တန်းနိုင်လာတယ်။ မိသားစုကို ပြန်ထောက်ပံ့နိုင်လာတယ်ဆိုတော့ မစုမိသေးပေမဲ့ ချောင်ချောင်လည်လည်ရှိလာပြီလို့တော့ ပြောလို့ရတာပေါ့။

အလုပ်
အလုပ်မှာ နဲနဲတော့ တိုးတက်လာတယ်လို့ပြောရမလားပဲ။ မသေချာပါဘူး။ စက်ရုံတစ်ရုံလုံးမှာ မြန်မာစာရိုက်တဲ့သူ။ ကွန်ပျူတာကိုင်တဲ့မြန်မာ နန်းတစ်ယောက်ပဲရှိတယ်ဆိုတော့ ဘယ်ဌာနအတွက်ပဲဖြစ်ဖြစ် မြန်မာစာနဲ့ လိုချင်ရင် နန်းပဲ ရိုက်ပေးရတယ်။ စက်ရုံမှာ ဝန်ထမ်းငါးရာကျော်ရှိပြီး မြန်မာဝန်ထမ်း တစ်ရာ့ငါးဆယ်ကျော်ရှိတယ်။ စက်ရုံက ထုတ်သမျှကြေငြာချက်တွေကို ထိုင်း၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာနဲ့ ထုတ်တယ်ဆိုတော့ နန်းက မြန်မာဘာသာပြန်လိုဖြစ်နေတာပေါ့။ နန်းအလုပ်က ရီတော့ရီရတယ်။ ဘာသာပြန်တဲ့လူက ထိုင်းစကားမတတ်ဘူး။ ဟီးဟီး။ သူတို့ လိုချင်တာရှိရင် အင်္ဂလိပ်လိုနဲ့ ပို့လာပေးတယ်။ နန်းက မြန်မာလိုပြန်ရိုက်ပေးရတာပေါ့။ တခါတလေကျတော့လဲ ထိုင်းစကားတတ်တဲ့သူကို ခေါ်လာပြီးတော့ သူတို့ပြောတဲ့စကားကို မြန်မာလိုပြောပြ နန်းက ရိုက်ပေး။ အဲ့လိုပေါ့။ ခက်တာက ဘာသာပြန်ပေးတဲ့မြန်မာက တိုင်းရင်းသားဖြစ်နေတော့ မြန်မာစကား ကောင်းကောင်းမတတ်ဘူး။ အဲ့ဒါကြောင့်ပြောတာ ရီရပါတယ်လို့ ပြောတဲ့သူက ထိုင်း၊ ဘာသာပြန်တဲ့သူက မြန်မာစကားကောင်းကောင်းမတတ်ဘူး။ စာရိုက်ပေးတဲ့သူက ထိုင်းစကားတစ်လုံးမှမတတ်ဘူး။ ဟဟ။ တခါတလေမှာ တစ်ချို့စာတွေက စကားပြောသလိုမရိုက်ပဲ စာရေးသလိုရိုက်ရတယ်လေ။ အဲ့လိုအချိန်တွေမှာ နန်းက သင့်တော်တဲ့စကားလုံးတွေနဲ့ ပြောင်းသုံးပေးရင် ဘာသာပြန်ပေးတဲ့ မြန်မာတွေက နားမလည်ကြပြန်ဘူး။ ဟိဟိ။ သူတို့နားလည်သလောက်မြန်မာစကားလုံးတွေထဲကပဲ သုံးပေးရတယ်။ ကြာလာရင် ထိုင်းစကားမတတ်ခင် ကိုယ့်မြန်မာစကားလုံးတွေကို မေ့ကုန်မှာစိုးရတယ်။ ခုချိန်မှာပြန်ပြောတော့ ရီစရာဖြစ်နေပေမဲ့ တကယ်လုပ်ခဲ့ရတဲ့အချိန်တွေတုန်းက တော်တော်လေးကို စိတ်ရှုပ်ခဲ့ရတယ်။ တကယ့်ဆိုလိုရင်းကိုလဲ ကိုယ်က နားမလည်။ ကိုယ်က သေချာနားမလည်ပဲ သူများတွေနားလည်အောင် စာပြန်ရိုက်ဖို့ကလဲ ဝေခွဲမရ။ ဘာသာပြန်ပေးတဲ့သူကလဲ မြန်မာလို လုံးစေ့ပတ်စေ့ မသိ၊ ကိုယ်ကပြန်ပြီး အကြံဉာဏ်ပေးချင်ရင်လဲ ပြန်မပေးနိုင်၊ ပြောချင်တာကိုလဲ ပြန်မပြောနိုင်နဲ့။ တော်တော်လေးကို ကသိကအောက်ဖြစ်ရတယ်။

ရုပ်ရည်။
ရုပ်ရည်ကတော့ အသက် သုံးဆယ် နှစ်နှစ်ရှိတော့မယ်ဆိုတော့ တော်တော်ကျနေပါပြီ။ ဆံပင်တွေလဲတအားကျွတ်။ ကျို့တို့ကျဲတဲ ဖြစ်နေပြီ။ တခါတလေ မြန်မာစကားကို မြန်မာနားလည်အောင် မနည်းစဉ်းစားရလွန်းလို့ မျက်မှောင်ကုတ်ထားတဲ့အချိန်တွေပိုများလာတယ်။ မျက်အိတ်တွေကျလာတယ်။ မျက်လုံးတွေဖောင်းလာတယ်။ မျက်ရစ်ရှိပေမဲ့ မျက်ရစ်ကို မမြင်ရတော့လောက်အောင်ကိုဖြစ်နေပြီ။ နဖူးမှာ အရစ်ကြီးတွေ သုံး လေးရစ်လောက်ထင်နေပြီ။ မျက်လုံးဒေါင့်တွေမှာ အရေးအကြောင်းတွေ တွေ့နေရပြီ။ အသားအရေတွေ လျှော့တွဲလာပြီ။

ကျန်းမာရေး
ဒီတစ်နှစ်တော့ ကျန်းမာရေးက တော်တော်ကောင်းလာတယ်လို့ပြောလို့ရတယ်။ ပြည့်ပြည့်ဖြိုးဖြိုးလဲဖြစ်လာတယ်။ အရင်က အရပ် ၅ ပေ ၄ လက်မရှိပေမဲ့ အလေးချိန်က ၄၇ ကီလိုပဲရှိတာ။ ခုဆို ၅၃ ကီလိုရှိလာပြီ။ နောက်ထပ် တစ်ကီလိုလောက် ထပ်ဝ ချင်သေးတယ်။ ကြည့်ပျော်ရှုပျော်ဖြစ်သွားတာပေါ့။ ၅၄ ကီလိုဆို တော်ပြီ။ နော့်။ မနက်တိုင်း လေ့ကျင့်ခန်းတွေမှန်မှန်လုပ်နိုင်လာတယ်။ နန်းတို့ စက်ရုံမှာ ဘောလုံးကွင်းနှစ်ကွင်းနဲ့ ဘက်စကက်ဘောကွင်း တစ်ကွင်းရှိတယ်။ နန်းက စက်ရုံဘေးမှာပဲနေတာဆိုတော့ မနက်တိုင်း ဘက်စကက်ဘော လာကစားလို့ရရင်ကောင်းမှာပဲ။ ခွင့်တောင်းထားတယ် ရမလားမသိ။ စန်းထွန်းလို တောင်တက်တွေ လမ်းလျှောက်တွေ ခရီးတွေ သွားချင်တာ ဒီမှာက မလွယ်သေးပါဘူး။ ဘာသာစကားခက်ခဲတာလဲ ပါတာပေါ့။

နောက်တစ်နှစ်မှာ ဖြစ်ချင်တာ

သင်္ကြန်ကျရင် သားသားကို ကိုရင်ဝတ်ပေးမယ်။ နန်းကိုယ်တိုင်လဲ သီလရှင်ဝတ်မယ်လို့ ရည်မှန်းထားတာ မဖြစ်နိုင်တော့ဘူး။ အစက သင်္ကြန် မြန်မာပြည်ပြန်မယ်လို့ ရည်မှန်းထားတာ ခုတော့ သားသားက မေမေတို့နဲ့ တူတူနေချင်ပြီဆိုတော့ ဒီတစ်နှစ်မပြန်တော့ပဲ ပိုက်ဆံ သေချာစုပြီး ၂၀၁၆ သင်္ကြန်မှာ အပြီးပြန်မလားလို့ စဉ်းစားနေတယ်။ အကြောင်းတိုက်ဆိုင်ရင်ပေါ့။ ဒီမှာ အသားတွေ အထူးသဖြင့် ငါးတွေ၊ ဖားတွေ၊ ပုဇွန်တွေ၊ ပုရစ်တွေကို ချက်ချင်းမွေးပြီး ချက်ချင်းရောင်းတာ(ရောင်းတဲ့ ခုံဘေးမှာ မွေးတဲ့ ကန်တွေချထားတာကိုပြောတာပါ။) ကြောက်လို့ နောက်နှစ်က စပြီး သားသတ်လွတ်စားတော့မလို့။ မစားမဖြစ်တဲ့အခြေအနေက လွဲရင် သားသတ်လွတ်ပဲ စားတော့မယ်။ ပြီးတော့ ဥပုသ်နေ့မှာ ဥပုသ်မစောင့်နိုင်ဘူးဆိုတော့ တနင်္ဂနွေနေ့တိုင်း ဥပုသ်စောင့်မယ်လို့ စဉ်းစားထားတယ်။ စာဖတ်ချိန်၊ ဘာသာစကားတွေလေ့လာချိန်၊ ဘုရားရှိခိုး တရားထိုင်ချိန်တွေ နေ့တိုင်း ပုံမှန်ရလာအောင် ကြိုးစားရမယ်။ နောက်တစ်ခုက စက်ချုပ်သင်ချင်တယ်။ မြန်မာပြည်ပြန်ရင် အသက်လဲကြီးပြီဆိုတော့ သူများအလုပ်လဲ မလုပ်ချင်တော့ဘူး။ ကိုယ်ပိုင်အလုပ်ကလေးနဲ့ဆိုတော့ မိသားစုအတွက်၊ အိမ်အတွက်လဲ ပိုပြီးတော့ အချိန်ပေးနိုင်မယ်ထင်လို့။ နှစ်သစ်ကူးပိတ်ရက်တွေနဲ့ စနေ တနင်္ဂနွေပိတ်ရက်တွေမှာ သွားသင်မယ်။ သင်ပေးမဲ့ သူကလဲ သင်လဲပေးမယ်။ ထမင်းလဲကျွေးမယ်တဲ့။ မတတ်မချင်းလာသင် ဘယ်အချိန်ဖြစ်ဖြစ် အားတဲ့အချိန်တိုင်းလာသင်တဲ့။ အဲ့လိုသဘောကောင်းတာ။ မနက်ဖြန်က စပြီး ရှစ်ရက်အလုပ်ပိတ်ပြီနော်။ နောက်နှစ် ၂၀၁၅ ဇန္နဝါရီလ (၅) ရက်နေ့မှ ပြန်တွေ့ကြမယ်။ အလုပ်ပြန်ဖွင့်မှပဲ နန်းတို့အလုပ်က New Year Party အကြောင်းပြောပြမယ်နော်။ တာ့တာ။ နှစ်သစ်နဲ့အတူ အားလုံးပဲ နှလုံး၊ စိတ်၊ ဝမ်း အေးချမ်းသာယာကြပါစေ။

4 comments:

  1. HAPPY NEW YEAR အမ
    မိသားစု မြန်​မြန်ဆုံစည်း စနိုင်​ပါ​စေ။

    ReplyDelete
  2. HAPPY NEW YEAR ပါ အသူရေ။
    အသူပေးတဲ့ ဆုတွေအတွက် ကြိုးစားနေပါတယ်။

    ReplyDelete
  3. နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး ကြည်လင်အေးမြ ချမ်းသာသုခနဲ့ပြည့်ဝပါစေ နန်းရေ။

    ReplyDelete
    Replies
    1. တီတင့် ပေးတဲ့ဆုနဲ့ မိသားစုအားလုံးပြည့်စုံပါရစေ။ တီတင့်တို့ တစ်မိသားစုလုံးလဲ နှလုံး၊ စိတ်၊ ဝမ်း အေးချမ်းသာယာပါစေ။

      Delete