ကဲ ... ဒီအကြောင်းတွေ ခဏရပ် မနက်ဖြန် ဒီဇင်ဘာ ၂၂ ဆိုရင် မွေးသဖခင် ကျေးဇူးရှင် ချစ်ဒက်ဒီရဲ့ မွေးနေ့ ရောက်ပြီ။ နန်းတို့မိသားစုမှာ မာမီနဲ့ မောင်လေးက ဖေဖော်ဝါရီလမှာမွေးတယ်။ ညီမလေး နှစ်ယောက်က ဧပြီလ။ နန်းနဲ့ ဒက်ဒီကတော့ တစ်ဘာသာစီ ဒက်ဒီက ဆောင်းအေးအေး ဒီဇင်ဘာမှာမွေးပြီး နန်းက နွေခေါင်ခေါင် မေလမှာ မွေးတယ်။ ဒါကြောင့်များ နန်းနဲ့ ဒက်ဒီနဲ့ အဆင်မပြေတာလားမသိ။ သားအဖနှစ်ယောက်က အဆင်သာ မပြေကြတာ မောင်နှမတွေထဲမှာ နန်းက ဒက်ဒီနဲ့အတူဆုံးပဲ အရပ်အမောင်းကတော့ နန်းတို့မောင်နှမတွေ အားလုံး ဒက်ဒီနဲ့တူပါတယ်။ အသားအရေကတော့ မောင်နှမတွေထဲမှာ နန်းက အဖြူဆုံးပဲ။ ဒက်ဒီတို့က ရှမ်းဆိုတော့ ရှမ်းသွေးတွေ အပြည့်အဝရပြီး နန်းက အသားဖြူတယ်။ ခြေဆံလက်ဆံတွေလည်း ဒက်ဒီနဲ့တူလို့ ရှည်ရှည်ကြီးကြီးတွေပေါ့။ ဂျိုင်းချွေးနံ့နံတာကအစ မောင်နှမတွေထဲမှာ နန်းတစ်ယောက်ပဲ ထူးခြားပြီး ဂျိုင်းချွေးနံ့ နံတယ်။ ဒက်ဒီလဲနံတယ်။ အကျင့်တွေလဲ တူကြတယ်။ ခေါင်းမာတာ မှန်တယ်ထင်ရင် နောက်မဆုတ်တဲ့တာ။ ဇွဲကြီးတာ။ နန်းကတော့ “သူဌေးဖြစ် ခွေးဖြစ်ကြံတာ” လို့ ပြောတယ်။ (ကဗျာမဆန်လိုက်တာနော်...)သားအဖနှစ်ယောက်လုံးက သေမြေကြီး ရှင်ရွှေထီးဆိုတဲ့ အဖြစ်မျိုးရောက်အောင် အမြဲလုပ်တတ်ကြတယ်။ ဒါပေမဲ့ ... ဒါပေမဲ့ပေါ့လေ .... နန်းတို့သားအဖနှစ်ယောက် မျက်နှာချင်းဆိုင်လို့မရဘူး။ အိမ်ပြန်သွားလို့ သားအဖတတွေမတွေ့တာကြာလို့ စကားထိုင်ပြောကြ အဆင်ပြေကြတာတွေဟာ နှစ်ရက်တစ်ပိုင်းမခံဘူး။ ပြဿနာဖြစ်ကြပြန်တယ်။ ပြဿနာ ဖြစ်တယ်ဆိုတာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်ကြတာကို ပြောတာမဟုတ်ပါဘူး။ စကားဆက်ပြောလို့ အဆင်မပြေတော့ဘူး။ အမြင်တွေမတူတော့ဘူးလို့ပြောတာ။ ဒက်ဒီကလဲ သူမှန်တယ်ထင်တဲ့ဘက်က ဇွတ်ငြင်း။ နန်းကလဲ နန်းမှန်တယ်ထင်တဲ့ဘက်က လုံးဝ အရှော့မပေးဘူး။ (နန်းလွန်တာပေါ့နော်...း)) ဘာပဲဖြစ်ဖြစ်ပါ ... မနက်ဖြန်မှာ ကျရောက်မယ့် ချစ်ဒက်ဒီရဲ့ ရွှေရတုလွန်(နောက်နှစ်ဆို ၆၀ ဖြစ်ပြီ) မွေးနေ့မှသည် နောင်မှတ်တိုင်ပေါင်းများစွာ သားသမီး မြေးမြစ်များနဲ့ ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်း နိုင်ပါစေလို့ ချစ်သမီးကြီး အဝေးတစ်နေရာကနေ ဆန္ဒပြုပါတယ်...။
Monday, December 21, 2015
ဒီဇင်ဘာ

Subscribe to:
Post Comments (Atom)
No comments:
Post a Comment