Monday, February 15, 2016

Happy Birthday ရှင်မင်းသန့်။

မင်္ဂလာပါရှင်...
       တနင်္ဂနွေနေ့ကသမီးလေး လေးနှစ်ပြည့်တဲ့မွေးနေ့မို့  ဘုရားသွားကြတယ်။ ရွှေသင်္ကန်းကပ်တယ်။ ငါးစာကျွေးတယ်။ ပြီးတော့ မိသားစုတွေ လျှောက်လည်ကြတဲ့ပုံလေးတွေ တင်မလို့ပါနော်။ မနက်စောစော နန်းတို့နေတဲ့မြို့က စေတီသွားတယ်။ နခေါန်ပထုံ စေတီကြီးပေါ့။ စေတီကြီးက စဥ့်အုပ်တွေနဲ့ မြန်မာပြည်က စေတီတွေလို ရွှေသင်္ကန်းရောင် တဝင်းဝင်းနဲ့ မဟုတ်ဘူး။ ကလေးတစ်ဖက်နဲ့ ဓါတ်ပုံရိုက်ဖို့လဲ မလွယ်တော့ သိပ်လည်း မရိုက်ခဲ့ပါဘူး။ သူ့ပါပါးကိုလဲ ဟိုပုံလေး ဟိုနားကရိုက်၊ ဒီပုံလေး ဒီနားကရိုက်နဲ့ ပြောရတာ စိတ်တိုင်းမကျလို့ မခိုင်းတော့ဘူး။ သူရိုက်ပေးသလောက်ပဲ တင်တော့မယ်။


မအေက ရွှေသင်္ကန်းကပ်ဖို့ ရွှေဆိုင်းခွာပေးနေတာကို သူက ဓါတ်ပုံရိုက်တဲ့ဆီလှမ်းပြီး လက်ထောင်နေသေးတယ်။ 


     မနက်ပိုင်း အရမ်းချမ်းလို့ တောသားမြို့တက် ဂျင်းဝမ်းဆက်ဖြစ်နေတာ မနက်စောစောသွားကြတာဆိုတော့ လွယ်တာပဲကောက်ဝတ်လိုက်တယ်။ ဂျင်းဘောင်းဘီနဲ့ ဂျင်းဂျာကင်နဲ့း)


 အသက်လေးနှစ်ရှိပြီ မတ်တပ်မရပ်နိုင်သေးတဲ့ ကလေးကို ပွေ့ရင်းတန်းလမ်း ရွှေဆိုင်းကပ်ဖို့ လုပ်နေတာ။း)





    တခါးရွက်က ရွှေရောင်ပန်းချီတွေ သဘောကျလို့ ရိုက်။



     ပြီးတော့ ပျံလွန်တော်မူသွားပြီး မပုပ်မသိုးသွားပဲ ဆံတော်တွေ လက်သည်းတော်တွေ ရှည်ထွက်နေဆဲ ဆရာတော်ကြီးရဲ့ ရုပ်ကလပ်တော်ကို သွားဖူး။ ရှေ့မှာ တင်ပလင်ခွေ ရုပ်တုတော် ထုထားတာ တကယ် လက်ရာမြောက်တယ်။ လက်ချောင်းလေးတွေခြေချောင်းလေးတွေများ အသားလိုပဲ ကိုင်ကြည့်လို့တော့မရပါဘူး။ မျက်စိနဲ့တွေ့ရတာ အသားလိုပျော့ပျောင်းနေမလားလို့တောင်ခံစားရတယ်။


ကျောင်းဆောင်တစ်ခုလုံးကို အသေးစိပ်ချယ်မှုန်းထားတဲ့ အနုစိပ်လက်ရာတွေကို သဘောကျလို့ရိုက်။


ရှေ့တည့်တည့်မြင်ကွင်း။ ဘီလူးစိမ်းနဲ့ ဘီလူးနီ နှစ်ကောင်က ကြောက်စရာကောင်းပေမဲ့ လက်ရာတွေကတော့ သဘောကျစရာပဲ။


       ဆရာတော်ကြီးဖူးပြီးတော့ ဝပ်လိုင်ခင် ဆိုတဲ့ ဘုရားဆက်သွား အဲ့ဘုရားမှာ ဥယျာဉ်လေးတွေ ပန်းခြံလေးတွေ ရေတံခွန်လေးတွေ ရွှေငါးလေးတွေနဲ့ ဘုရားဘေးက မြစ်ထဲမှာ ငါးတွေရှိတယ်။ လူတွေတအားများလို့ ဓါတ်ပုံကောင်းကောင်းမရိုက်ခဲ့ရဘူး။ သမီးလေးနဲ့ ငါးစာကျွေးခဲ့တယ်။




        နန်း အပြင်သွားရင် အစားအသောက်တွေအကြောင်းမပါဘူးနော်။ အပြင်ဆိုင်တွေမှာ မစားတတ်လို့ အိမ်ကနေ ထမင်းတွေ၊ ဟင်းတွေ၊ မုန့်တွေ၊ တစ်ရှူး၊ လက်ကိုင်ပုဝါ၊ သောက်ရေကအစ အကုန်သယ်သွားတာ။း)။ ဒါကြောင့် ဘယ်သွားရင် ဘယ်ဆိုင်ကောင်းတယ်ဆိုတာ မပြောပြနိုင်ဘူးဖြစ်သွားတယ်။ 7eleven မှာ အလွယ်တကူ ဝယ်နိုင်တာတောင်မှ သွားလေရာ မုန့်တွေ ရေတွေ သယ်သွားသေးတာ။ သမီးနဲ့ တရားပွဲတွေသွားရင်လဲ အိတ်ထဲမှာ မုန့်ဘူး၊ ရေဘူး၊ ယပ်တောင်၊ တစ်ရှူး၊ လက်ကိုင်ပုဝါ အစုံပါတယ်။ 
       သမီးလေး အသက် လေးနှစ်မှစ နောင်နှစ်များစွာတိုင် စိတ်ချမ်းသာသော အထူးသဖြင့် ကိုယ်ကျန်းမာသော ရတနာသုံးပါးကိုင်းရှိုင်းပြီး ဒါန သီလ ဘဝနာ၌ မွေ့လျော်ပျော်ပိုက်သော ယဉ်ကျေးလိမ္မာသော သမီးလေးဖြစ်ပါစေ....။




No comments:

Post a Comment