Tuesday, May 3, 2016

မှတ်တိုင် ၃၃။

အသက်တွေလဲ မငယ်တော့ဘူး။ ဒီနေ့ပဲ ၃၃ နှစ်ပြည့်ပြန်ပြီ။ အသက်ကြီးလာလေ အချိန်တွေက မြန်လာလေပဲ။ တစ်နှစ်နဲ့ တစ်နှစ်ဟာ ဘာမှမကြာလိုက်သလိုပဲ။ ဘာမှ ထူးထူးခြားခြား ပြောင်းလဲမလာပေမဲ့ အသက်နဲ့ အရွယ်ကတော့ ပြောင်းလဲလာတယ်။ ကိုယ်ဆင်းရမဲ့ မှတ်တိုင်မရောက်ခင် ကိုယ်လုပ်ချင်တာတွေ ... လုပ်သင့်တာတွေ ... လုပ်ရမဲ့ အရာတွေကို ကုန်အောင်လုပ်နိုင်ပါ့မလားလို့ စိတ်ပူတတ်လာပြီ ...။ အားလုံးမဟုတ်ရင်တောင် တော်တော်များများတော့ လုပ်ဖြစ်သွားအောင် ကြိုးစားရမှာပေါ့...။ မွေးနေ့ရော မွေးရက်ရောတိုက်ဆိုင်ပေမဲ့ ဘာအထိမ်းအမှတ်မှ မလုပ်ဖြစ်ပါဘူး။ ရှင်းရှင်း ဂျစ်တိုက်နေလို့ သူ့ကိုချော့နေရတာနဲ့ ဒီမနက်ကျမှ ဘုရားဆွမ်းတော်တောင် မကပ်ဖြစ်ခဲ့ဘူး။ အိမ်မှာပွင့်တဲ့ စံပယ်ပန်းလေးတွေ ခူးပြီး ပန်းကန်လေးနဲ့ ကပ်ခဲ့တယ်။ သောက်တော်ရေချမ်း ကပ်ခဲ့တယ်။ ညနေ အလုပ်ဆင်းမှပဲ မီးပူဇော် သောက်တော်ရေချမ်းကပ် ပရိတ်ရွတ်၊ ပဋ္ဌာန်းရွတ် လုပ်ရတော့မှာပဲ။ ဖေ့ဘုတ်မှာတော့ ဒက်ဒီ၊ ညီမအလတ်နဲ့ မိတ်ဆွေတချို့က မွေးနေ့ဆုတောင်းပေးကြတယ်။ မွေးနေ့ ဆုတောင်းပေးကြတဲ့ ဒက်ဒီ၊ မီးငယ်နဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်။ ဒီအရွယ်ရောက်သည်အထိ ကလေးတစ်ယောက်လိုထင်နေဆဲ စိတ်ပူနေဆဲ တတွတ်တွတ်နဲ့ အမှာစကားတွေ ဆိုနေဆဲ မာမီနဲ့ ဒက်ဒီ့ကို ကျေးဇူးအများကြီးတင်ပါတယ်။ ချစ်လဲ အရမ်းချစ်ပါတယ်။ နန်းမွေးနေ့က ဒီလောက်ပါပဲလေ။

1 comment:

  1. မွေးနေ့မင်္ဂလာရက်မြတ်များစွာကို ကိုယ်စိတ်နှစ်ပါးအေးချမ်းစွာဖြင့် ကျော်ဖြတ်နိုင်ပါစေ နန်းရေ။
    နန်းရဲ့ဆန္ဒအတိုင်း မိခင်ဖြစ်သူကို ဗုဒ္ဓဂယာခရီးစဉ်ပို့ခွင့်ကြုံပြီး ဖခင်ဖြစ်သူရဲ့ ရဟန်းအမအဖြစ်ခံယူနိုင်ပါစေလို့
    မွေးနေ့ရက်လေးမှာ ထပ်လောင်းဆုတောင်းပေးသွားတယ်နော်။

    မေတ္တာဖြင့်
    တီတင့် ^_^

    ReplyDelete