Saturday, May 17, 2014

လူအများနှင့် ဆက်ဆံရာတွင် လိုက်နာကျင့်သုံးသင့်သော အချက်(၇)ချက်။


သူငယ်ချင်းတို့အချိန်ထဲက ၁၅ မိနစ်လောက်လေးပေးနိုင်မယ်ဆိုရင် အကျိုးရှိမယ်ထင် လို့ ဒီဘလော့လေးတင်ပြလိုက်တာပါ ...
       လူတွေဟာ နားလည်ရခက်ပါတယ်။ ရင်ထဲမှာခံစားနေရတာကတစ်မျိုး၊ ဦးနှောက်က တွေးနေတာကတစ်မျိုး၊ တကယ်ပြောလိုက်တဲ့စကားကတစ်မျိုး ဖြစ်နေတတ်ပါတယ်။
အကြိုက် ၊အလိုက်၊ အထိုက်လို့ဆိုတဲ့အတိုင်း လူတွေကို အကြိုက်လိုက်ပြီးတစ်မျိုး၊ သူတို့နဲ့ လိုက်ဖက်ညီမယ့် နေထိုင်ပြောဆိုမှုပုံတွေနဲ့တစ်ဖုံ ၊
ထိုက်သင့်သလိုဆက်ဆံရတာကတစ်နည်းနဲ့ တစ်နေ့တစ်နေ့ လူတွေနဲ့ အဆင်ပြေအောင်  သည်းခံ၊ ခွင့်လွှတ်၊ ကြိတ်မှိတ်၊ မြိုသိပ်၊  ဟန်လုပ်ပြီးနေရတဲ့ အထဲမှာ စာဖတ်သူလဲ ပါကောင်းပါမှာပါ။
     အောင်မြင်သူ အတော်များများဟာ လူမှုဆက်ဆံေ၇းမှာ အတော်ကျွမ်းကျင်ကြပါတယ် ။ ပရိယာယ်ကြွယ်ဝစွာ ပြောဆိုဆက်ဆံတတ်ကြတဲ့သူတို့ကို သေချာစောင့်ကြည့်မယ်ဆိုရင် ထူးခြားချက်(၃)ခုပဲ တွေ့ရမှာပါ။ သူတို့ဟာ ယဉ်ကျေးသိမ့်မွေ့ကြပါတယ်။ ခင်ဖို့ကောင်းကြပါတယ် ။ စိတ်ဝင်စားစရာကောင်းတဲ့ ဘ၀ပိုင်ရှင်တွေဖြစ်ကြပါတယ်။ လူတွေနဲ့ အဆင်ပြေအောင် မဆက်ဆံတတ်ကြသူတွေကျတော့လဲ လူတစ်ဖတ်သားနဲ့ အမြဲ တစေ ကတောက်ကဆတ်ဖြစ်နေတတ်ပါတယ်။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ရုပ်ဆိုးတဲ့အမှားတွေကို လုပ်မိတတ်ကြပြီး တွေ့တဲ့လူမှန်သမျှကို စိတ်ကသိကအောက်ဖြစ်စေတတ်ကြပါတယ်။
     လူဟာလူနဲ့ ဆက်ဆံရတာပါ။ သင်ပိုင်ဆိုင်တဲ့  တိုက်၊ ကား၊ စည်းစိမ်ဥစ္စာဆိုတာ သင်နဲ့ စကားတစ်လုံးမှမပြောပါဘူး။
မိတ်ဆွေစစ် ၊ မိတ်ဆွေမှန်တွေရှိတာကသာ တကယ့်စည်းစိမ်ဥစ္စာပါ။ ဒီတော့လူအများနဲ့ပြောဆိုဆက်ဆံ ရာမှာ လိုက်နာကျင့်သုံးသင့်တဲ့ အချက်(၇)ချက်ကို ဖော်ပြလိုက်ပါတယ်  ခင်ဗျား.......
 ၁။ လူတွေ သင့်ကို ဘယ်လိုထင်တယ်ဆိုတာထက်  သင့်ကိုယ်သင် ဘယ်လို ထင်တယ်ဆိုတာက ပိုပြီးအရေးကြီးပါတယ်။။
     တစ်ချို့လူတွေဟာ သူများ ဘာပြောကြမလဲ ဆိုတာကို လိုတာထက်ပိုပြီးဂရုစိုက်တတ်ကြပါတယ်။ Facebook မှာ Like တစ်ချက်နှိပ်ရင် လက်ပြတ်သွားမှာကြနေတာပဲ လို့မကျေမနပ်ပြောဆိုနေသံတွေကို ကြားသိနေရပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ဘ၀၊ ကိုယ့်ရဲ့ဒုက္ခ၊ ကိုယ့်ရဲ့အလှကို  ကိုယ်သာလျှင်အသိဆုံးပါ။ လူတွေကတော်တယ်ပြောတိုင်း မြောက်တတ်မသွားပါနဲ့ဦး၊ ငါတကယ်တော်လို့လားလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါဦး။

 ၂။ လူတွေဟာ သူတို့ယုံကြည်စိတ်ချရသူကိုပဲ ရင်ဖွင့်တတ်ပါတယ်။
     ဒီလိုအချိန်မှာ ပြက်ရယ်ပြုလိုက်တာမျိုး မဖြစ်ပါစေနဲ့ ။ စာဖတ်သူများ  ကလေးဘ၀တုန်းက  လိမ့်ကျဖူးမှာပါ။ နာကျင်လို့ ငိုချင်တာကို အောင့်ထားပြီး  အမေ့ရှေ့ရောက်မှ  ဟီး ခနဲ ငိုချခဲ့ဖူးမှာပါ။  ဒါဟာ ကိုယ်အားကိုးယုံကြည်တဲ့ လူကို ကိုယ့်ခံစားချက် အမှန်ကိုဖွင့်ပြတဲ့သာဓကပါပဲ ။ အဲဒီအချိန်မှာ အမေက သင့်တင်ပါးကို ခပ်ဆတ်ဆတ်လေးရိုက်လိုက်ပြီး တိတ်စမ်းလို့ ဒေါသတကြီးနဲ့ ပြောလိုက်ရင် သင်ဘယ်လိုခံစားရမလဲ။ ကိုယ့်ကိုယ် ယုံကြည်အားကိုးလို့ရင်ဖွင့်လာတဲ့သူတစ်ယောက်ကို စာနာစိတ်အပြည့်နဲ့ နားထောင်ပေးလိုက်စမ်းပါ။ သင်ဘာမှမလုပ်ပေးနိုင်တောင် သူ့ရင်ထဲ ပေါ့သွားအောင်နားထောင်ပေးနိုင်ပါတယ်လေ။
 ၃။ လူတွေကိုကူညီပါ။
     သင့်စိတ်ဓာတ်တတ်ကြွလာပါလိမ့်မယ်။ ဒီကမ္ဘာကြီးပေါ်မှာ ဘယ့်သူ့ အကုညီမှ မလိုလောက်အောင် ပြည့်စုံနေတဲ့သူမရှိသလို ဘယ်သူ့ကိုမှ မကူညီနိုင်လောက်အောင် ချို့တဲ့တဲ့သူလဲ မရှိပါဘူး။ နောက်ပြီး လူတစ်ယောက်ကို ကူညီနိုင်တာဟာ သင့်မှာ  စွမ်းအားတွေရှိနေတယ်ဆိုတာ ပြလိုက်တာပါပဲ။  မိန်းကလေးတစ်ယောက် ဆိုင်ကယ် စက်နှိုးလို့မရရင် ယောက်ျားလေးတွေ လိုလိုချင်ချင်  စက်နှိုးပေးကြသလိုပေါ့။ စိတ်ဓာတ်ကျနေတဲ့အချိန်မျိုးမှာ  အိမ်အပြင်ထွက်ပြီးလူတွေကို ကူညီလိုက်စမ်းပါ။ သင့်ကိုယ်ပိုင်တန်ဘိုးကို ချက်ချင်းပဲ တွေ့မြင်လာမှာပါ။
 ၄။ မှတ်မိလွယ်ပါစေ။
     တစ်နေ့က အခမ်းနားတစ်ခုမှာ သင်နဲ့မိတ်ဆက်ပေးခဲ့တဲ့သူကို  ဒီနေ့ပြန်တွေ့တဲ့အခါ နာမည်ပြန်မှတ်မိပါ့မလား။ အရေးတကြီးချိန်းဆိုထားတဲ့အလုပ်ကိစ္စတစ်ခုကို  သင်သွားရောက်ဖို့ ပျက်ကွက်ပြီး  မေ့သွားလို့ပါလို့ဆင်ခြေပေးရင် လူတွေကြိုက်ကြပါ့မလား။ ဟန်းဖုန်းတွေခေတ်စားလာတဲ့ဒီနေ့မှာ လူတွေဟာ ဖုန်းနံပါတ်တွေကို မမှတ်မိကြတော့ပါဘူး ။ အောင်မြင်သူတွေဟာ အင်မတန်မှတ်မိကြပါတယ်။ မှတ်ဥာဏ်ကောင်းတယ်လို့ ကျွန်တော် မဆိုလိုပါဘူး ။ မှတ်မိကြတာပါ။ သင်လဲ အရာရာကို မှတ်မိအောင်ကြိုးစားသင့်ပါတယ်။  ကျောင်းတုန်းကဆရာဖြစ်သူဟာ ကိုယ့်နာမည်ကို မှတ်မှတ်ရရလေးခေါ်လိုက်တယ်ဆိုရရင်ပဲ  ရင်ထဲမှာ ကြည်နုးသွားခဲ့တာကို သတိရပါလေ။
 ၅။ လူတိုင်းမှာ ခံစားချက်ကိုယ်စီနဲ့ပါ။
     ဘယ်လောက်ပဲ အောင်မြင်နေတဲ့သူဖြစ်ပါစေ ။ ဘယ်လောက်ပဲချမ်းသာနေတဲ့သူဖြစ်ပါစေ။ ဘယ်လောက်ပဲရာထူးကြီးတဲ့သူဖြစ်နေပါစေ။ သူတို့ရဲ့စိတ်ထဲမှာ ခံစားချက်၊ နာကြည်းချက်တွေ ရှိနေတတ်ပါတယ်။ အဲဒါတွေကိုခံယူချက်နဲ့ ဖုံးကွယ်ထားတာပါ။ ဒါကျွန်တော့်ရဲ့ ခံယူချက်ပဲလို့ ဒေါနဲ့မောနဲ့ ပြောနေသူတစ်ယောက်ရဲ့ ရင်ဘတ်ထဲမှာ နာကြည်းခံစားချက်ကပေးထားတဲ့ ဒဏ်ရာတွေဗလဗွနဲ့  နေမှာပါ ။ အဲဒီခံစားချက်တွေကိုလက်ခံပေးလိုက်ပါ။ နေရာတကာ မှား ၊ မှန်ဆုံးဖြတ်နေစရာမလိုပါဘူး ။ တစ်ခါတစ်လေ တိတ်တိတ်လေးနားထောင်ပေးလိုက်တာဟာ တစ်ဖတ်သားကို  အင်မတန်ကျေနပ်စေပါတယ်။
 ၆။ လူတိုင်းအထီးကျန်တတ်ပါတယ်။
   အောင်မြင်လေ ၊ ရာထူးကြီးလေ အထီးကျန်လေပါပဲ ။ ရုံးတစ်ရုံးမှာ အောက်ခြေ၀န်ထမ်းတွေဟာ စုစုစည်းစည်း အလုပ်လုပ်ကြရပါတယ်။ စကား စမြည်ပြောဆိုခွင့်ရကြပါတယ်။ ထမင်းစားတော့လဲ အဖွဲ့လိုက်စုပြီး စားကြရတာပျော်စရာပါ။ အမှုဆောင်အရာရှိဆိုသူကတော့  ရုံးခန်းကျယ်ကြီးမှာ တစ်ယောက်တည်း၊ ၀င်လာသမျှ လူတွေကလဲ စကားကို အမြန်ဆုံးဖြတ်ပြန်မဲ့သူတွေချည်းပါပဲ ။ သူ့အနားမှာ ဘယ်သူမှ ကြာကြာမနေချင်ကြပါဘူး။  အဲဒီလူဟာ ထမင်းစားဖို့ အဖော်လိုရင်တောင် အမိန့်နဲ့ခေါ်ရတတ်ပါတယ်။ သင်မိုင်ပိုနည်းနည်းလေးသွားပေးပါ။ သူ့ဘက်ကခံစားပြောပေးကြည့်ပါ။ တစ်ခါတစ်လေ ကိုယ့ိအကြောင်းတွေကို ထိုင်ပြောပြနေပါ။ သူတို့ဖြေချင်တဲ့မေးခွန်းလေးတွေကို မေးပေးကြည့်ပါ။ အထီးကျန်နေသူတွေကို ကုညီပေးလိုက်စမ်းပါ။
 ၇။ လူတွေဟာ သူတို့ကိုယ်သူတို့ စိတ်အ၀င်စားဆုံးပါ။
     နှစ်ဦးသားတွေ့ချိန်မှာ တခြားသူအကြောင်းပြောပြောနေတတ်တဲ့ ချစ်သူမိန်းကလေးကို ကောင်လေးတွေစိတ်ပျက်ကြတာ ဒါကြောင့်ပါပဲ၊ တကယ်ဆို ကိုယ့်အကြောင်း၊ တို့နှစ်ယောက်အကြောင်းကို ဦးစားပေးပြောရမှာပါ။ တခြားသူတွေအကြောင်းဆွေးနွေးမယ်ဆို အခြေနေ အချိန်ခါ အရ ပတ်သက်ဆက်နွယ်မှုရှိဖို့လိုပါတယ် ။ ဒါမှမဟုတ်ရင်တော့ သင်လဲ အတင်းပြောတဲ့သူတွေစာရင်းထဲပါသွားမှာပါ။
     အဆုံးသတ်ရမယ်ဆိုရင်တော့ လူတွေရဲ့ အထင်၊ အမြင်တစ်မျိုးနဲ့ ၀ိုင်းကြည့် ပြောကြတဲ့စကားနောက်ကို ပါမသွားဘဲ ကိုယ့်ကိုယ်ကိုယ် အမှန်နားလည်လာတဲ့နေ့ဟာ သင်ရင့်ကျက်သွားတဲ့နေ့ပါပဲ ။ ရင့်ကျက်မှုကို အသက်နဲ့ သတ်မှတ်လို့မရပါဘူး ။ ကြီးမိုက်ကြီးတွေ အများကြီးပါ။
     မိမိကိုယ် ယုံကြည်လို့တိုင်ပင်သူတွေရဲ့ စကားကို လျှို့ဝှက်ထားပေးပါ။ လူတွေကို ကုညီပါ ၊ ကူညီတယ်ဆိုတာလဲ ဘာကိုမှ မမျှော်ကိုပဲ ကူညီတာ အကောင်းဆုံးပါပဲ ။ သူတို့ရဲ့ နာမည် ၊ လိပ်စာ၊ ဖုန်းနံပါတ်တွေကို မှတ်မအောင်ကြိုးစားပါ။ သင်ပြောခဲ့တဲ့စကားတွေ ၊ သင်လုပ်ခဲ့တဲ့လုပ်ရက်တွေကိုလဲ မမေ့ပါနဲ့။ တစ်ပါးသူရဲ့ခံစားချက်ကိုနားလည်ပေးပါ။ သူ့ခံစားချက်နောက်သင်ပါမသွား၇င်အဆင်ပြေပါတယ်။ လူတစ်ယောက်အကြောင်းကောင်းတာကြားရင် ပြောပေးပါ။ မကောင်းတာကြားရင်လဲ နာဝင်ချိုအောင်  လိုအပ်သလိုပြုပြင်ပြီး ပြောပြတာကောင်းပါတယ်။
    လူဆိုတာ လူတွေနဲ့ ဆက်ဆံရတာပါ။ လူတွေနဲ့ကို သင်က မဆက်ဆံတတ်ဘူးဆိုရင် တစ်ခုခုတော့မှားနေပါပြီ ။ တစ်ကိုယ်လုံး ဘယ်အနားထောက်ထောက်နာနေတယ်ဆိုရင် သင့်ကိုယ်လုံးနာတာ မဖြစ်နိုင်ပါဘူး။ လက်ညှိုးကနာတာနေမှာပါ။ ထိုနည်းတူစွာ ဘယ်သူနဲ့မှ အဆင်မပြေဘူးဆိုရင် လူတွေကို အပြစ်ပြောတာထက် သင့်ကိုယ်သင် ပြုပြင်လိုက်တာက ပိုကောင်းတယ်လို့ လေ့လာ ရေးသားတင်ပြလိုက်ရပါတယ်။
သူငယ်ချင်းအားလုံးကို လေးစားလျှက် .......
 လွမ်ဝေ(ရွှေတူး)
ဘာသာပြန်လေးပါ ကျနော်သဘောကျသလို သူငယ်ချင်းတို့အားလုံးလဲ နှစ်သက်လိမ့်မယ်ထင်လို့တင်ပြလိုက်ရတာပါခင်ဗျား။
အရေးတကြီးနဲ့ရေးရတာမို့ မှားတာပါခဲ့ရင်လဲ ခွင့်လွှတ်ပေးဖို့ တစ်ခါတည်းတောင်းပန်လိုက်ပါတယ်။
အားလုံးကို ခင်မင်လျှက်...။
မှ ပြန်လည်မျှဝေပါသည်။

No comments:

Post a Comment