Thursday, October 2, 2014

သားသားမွေးနေ့။


သားအတွက် ဘာမှလုပ်မပေးနိုင်လို့ ဂူဂဲလ်ကနေ မွေးနေ့ကိတ်မုန့်ရှာပြီး တင်ထားလိုက်တယ်။ Happy Birthday ပါ သားသားရေ။

ဒီနေ့ အောက်တိုဘာလ (၂) ရက် ကြာသပတေးနေ့။ သားသား စိုင်းပြည့်ဖြိုးသန့် အသက် (၁၁) နှစ်ပြည့်ပြီ။ မွေးနေ့ရောမွေး ရက်ရောတိုက်တယ်။ သားသားမွေးနဲ့နှစ်ကနေစတွက်ရင် ဒီနေ့ဟာ သားဘဝမှာ ပထမဦးဆုံး မွေးနေ့နဲ့မွေး ရက်နဲ့တိုက်ဆိုင်တဲ့နှစ်ပေါ့။

သားသားအတွက်  မွေးနေ့အမှတ်တရ ဘာမှလုပ်မပေးနိုင်လို့ စိတ်မကောင်းဘူး။ မြန်မာပြည်မှာ အဖိုးအဖွားတွေနဲ့နေရရှာတဲ့ သားသားအတွက် ညနေကျရင် မွေးနေ့ကိတ်လးဝယ်ပြီး အမှတ်တရ လုပ်ပေးပါလို့မှာထားရုံကလွဲလို့ ဘာမှ မတတ်နိုင်ခဲ့ဘူး။

မေမေတို့မိသားစုမှာ သားရဲ့ပါပါးက တနင်္လာ၊ မေမေက အင်္ဂါ၊ သားညီမလေးက ဗုဒ္ဓဟူး၊ သားက ကြာသပတေး၊ သားသားက အညွန့်အဖျား ဆုံးဖြစ်ပေမဲ့ သားက ကျောင်းတက်နေရလို့ငယ်ငယ်ထဲက မေမေတို့နဲ့ အတူမနေရရှာဘူး။

ပြီးတော့ သားကပဲ မိသားစုအတွက် မေမေ့အတွက် အမြဲတမ်းညှာတာ ရှာတယ်။ပြီးခဲ့တဲ့နှစ်တုန်းကတော့ မြဝတီက ဓမ္မစကူးတက်နေတဲ့ကလေးလေးတွေကို သားသား မွေးနေ့ အတွက်ရည်မှန်းပြီး အာဟာရကျွေးနိုင်ခဲ့ပေမဲ့ ဒီနှစ်တော့ ဘယ်လိုမှမတတ်နိုင်ခဲ့ဘူးသားရယ်။

(၁၉) ရက်နေ့ကျရင်မေမေတို့စက်ရုံနဲ့ အနီးတဝိုက်က စက်ရုံတွေစုပေါင်းပြီးတော့ ကထိန်ခင်းကျမယ်လေ။ ကထိန်အတွက်မတည်အလှူငွေထည့်တာတွေ၊ ကထိန် သင်္ကန်းကပ်လှူတာတွေ၊ တရားနာကြွလာသမျှ ဧည့် သည်တွေကို အအေးနဲ့ဧည့်ခံတာတွေအားလုံးကို ဒီလ ထဲမှာကျရောက်တဲ့ သားသားရဲ့(၁၁)နှစ်ပြည့်မွေးနေ့ အတွက်လို့ရည်မှန်းပြီး မေမေလှူဒါန်းထားပါတယ် သား ရယ်။

နွေရာသီကျောင်းပိတ်ရက်မှာ သားသားကို ကိုရင်ဝတ်ပေးဖို့လဲ မေမေ ပိုက်ဆံစုနေတယ်သားရယ်။ အကြောင်းတိုက်ဆိုင်ရင်တော့ အောင်မြင်မှာပေါ့နော်။ သားသားဖိုးဖိုး၊ မေမေ့ဒက်ဒီက ခရစ်ယာန် ဆိုတော့ ဒက်ဒီမသိအောာင်စီစဉ်ရမယ်မို့လား။ ဒက်ဒီစိတ်မကောင်းဖြစ်မှာလဲ စိုးရိမ်ရသေးတယ်လေသားရယ်။ အစစ အရာရာ သေသေချာချာစီစဉ်နိုင်မှ သားလဲကိုရင်ဝတ်ရ၊ မေမေလဲစိတ်ချမ်းသာ၊ ဒက်ဒီလဲ စိတ်မကောင်း မဖြစ်ရမှာပေါ့။

ပြီးတော့ မြန်မာပြည်ကို တစ်ခေါက်တစ်ခေါက်ပြန်ဖို့ဆိုတာလဲ လွယ်တာမဟုတ်ဘူးလေ။ မေမေ ခုလိုမျိုး ဗုဒ္ဓဘာသာကိုးကွယ်နေတယ်ဆိုတာကိုသိရင် ဒက်ဒီတော်တော် ဝမ်းနည်း သွားမှာသားရဲ့။ မေမေကလဲ မေမေသက်ဝင်ယုံကြည်တဲ့ဘာသာတရားကိုပဲ ကိုးကွယ်ချင်တယ်လေ။ ဒက်ဒီ့ကိုလဲ စိတ်မဆင်း ရဲစေချင်ပြန်ဘူး။ ဒါတွေကို နောက်မှပဲ မေမေသားကို အေးအေးဆေးဆေးပြောပြ ပါအုံးမယ် သားရယ်။

မေမေ့အပေါ် အမြဲတမ်းနားလည်ညှာတာတတ်တဲ့ သားသားတစ်ယောက် ယနေ့ပြည့်မြောက်သော (၁၁)နှစ်ပြည့် မွေးနေ့ မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်စွာနဲ့ ဆန္ဒနဲ့ဘဝ တထပ်ထဲကျပြီး၊ ငှက်တစ်သောင်းနားနိုင်တဲ့ သစ်ပင်ကြီးလိုလူမျိုးဖြစ်ပါစေလို့ မေမေဆန္ဒပြုပါတယ်။ ဟပ်ပီးဘာ့သ်ဒေးပါ သားသားရေ။

1 comment:

  1. '၁၁-နှစ်ပြည့် မွေးနေ့ကနေ နောင်နှစ်ပေါင်းများစွာတိုင် ထူးချွန်ထက်မြက်ပြီး မိသားစုအတွက် သားကောင်းရတနာလေးဖြစ်ပါစေ' တီတင့်လည်း အသက် ၂၄ နှစ်မှ ကံ ကံရဲ့အကျိုးကို ယုံကြည်သက်ဝင်ရာကစလို့ ဗုဒ္ဓဘာသာစစ်စစ်ဖြစ်ခဲ့တယ် မိုးစက်လေးရေ.....

    ReplyDelete