Friday, October 10, 2014

ရှင်မင်းသန့်လေး ထိုင်နိုင်ပြီ။

အသက် ၂ နှစ်နဲ့ ၈ လ ရှိသွားပြီဖြစ်တဲ့ ရှင်မင်းသန့်လေး မနေ့ကပဲ သူ့ကိုယ်သူ့ ကုန်းထပြီး ထိုင်နိုင်လာပြီ။ ဝမ်းသာလိုက်တာ မပြောပါနဲ့တော့။ ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ မျက်ရည်တွေစို့တက်လာအောင်ကို ဝမ်းသာတာ။ အရင်ကလဲ ထိုင်နိုင်ပါတယ်။ သူ့အားနဲ့သူ ကုန်းထပြီးမထိုင်နိုင်ဘူးလေ။ လူကြီးက ထူပြီး မ ပေးမှ ထိုင်နိုင်တာ။ ထထိုင်ချင်ရင် မအေကို လက်ကြီးနှစ်ဖက်ဆန့်တန်းပြီး ချီခိုင်းတာ။

 အဲ့လိုချီခိုင်းပြီဆို ကိုယ်တိုင်ထတတ်အောင် ကိုယ်နေဟန်ထားတွေပြင်ပေးပြီး လဲမကျအောင် ထိန်းရုံထိန်းပေးပြီး နဲနဲပဲ မ ပေးထားတယ်။ သူ့အားနဲ့သူ ရုံးထလာနိုင်အောင်ပေါ့။ မအားတဲ့အခါတွေလဲ ဒီအတိုင်းပဲ မပြီး ထိုင်ပေးလိုက်တာပါပဲ။ မနေ့က မနက်ပိုင်းကတောင် သတိမထားမိဘူး။ မနက်ခင်းဆို ပြာယာခပ်နေတာကိုး။

ညနေကျမှ ညီမ အလတ်မလေးလာလည်တော့ မကြီးသမီး ကုန်းထပြီး ထိုင်နိုင်နေပြီတော့ လာကြည့်အုံးဆိုတာနဲ့ နောက်ဖေးမီးဖိုချောင်မှာ ချက်နေရင်းက အပြေးအလွှားသွားကြည့်ရတယ်။ သူ့အဒေါ်က လှဲအိပ်ပေးလိုက်တော့ ချက်ချင်းပဲ ကုန်းထလာတယ်။ ခုဆို တော်တော်လေး တိုးတက်လာပြီ ရောက်ခါစ က ၉ ကီလိုတောင်မပြည့်ပဲ ပိန်ညှောင်နေတဲ့ရှင်မင်းလေးက ခုဆို ၁၁ ကီလိုကျော်လို့ ၁၂ ကီလိုနားနီးနီး ဖြစ်နေပြီ ချီလို့ပွေ့လို မနိုင်ချင်တော့ဘူး။

ခုဆို ထမင်းတွေလဲ အများကြီးစားတယ်။ တော်သေးတာက မကျန်းမာပေမဲ့ အစားအသောက်ကျွေးရ မခက်ဘူး။ ဘာလာလာအကုန်ဆွဲတာပဲ။ တခါတလေ သူ့အဒေါ်ငယ်က ငရုပ်သီးနဲနဲစပ်တာမျိုးကျွေးလဲ ဆွဲတာပဲ။ နှုတ်ခမ်းတွေရဲထော်ပြီး ရေတွေသောက်ပြီး စားအုံးမယ်လို့ ထပ်လုပ်တာပဲ။ ငရုပ်သီးစပ်နေပြီမို့လား တော်တော့ဆိုလဲ မရဘူး။

သူစားချင်လို့ကတော့ စပ်ရင်လဲ ခါးရင်လဲ ချဉ်ရင်လဲ အကုန်ဆွဲတာ။ ဖင် ဒရွတ်တွန်းပြီး သွားတတ်လာတတ်နေတော့ မအေက ရှေ့မှာ ဟင်းအိုးမဲပြီး ချက်နေရင် နောက်မှာရှိသမျှ ကုန်ပြီသာမှတ်တော့ ခုဆို နောက်ဖေးမီးဖိုထဲကိုလဲ သူလာမရှုပ်နိုင်အောင် အဲ့ဒီတန်းကိုဆွဲပြီးတော့လဲ သူမတ်တပ်ရပ်နိုင်အောင် တစ်ချက်ခုတ် နှစ်ချက်ပြတ် အိမ်ရှေ့ခန်းနဲ့ မီးဖိုးခန်းကြားမှာ တန်းရိုက်ထားပေးတယ်။

လူကြီးတွေတော့ ကျော်ခွပြီး သွားရလာရတာပေါ့။ အိမ်ကိုလာတဲ့ဧည့်သည်တွေလဲ နောက်ဖေးဝင်ချင်ရင် ကျော်ခွပြီးမှဝင်ရရှာတယ် :P  အဲ့ဒီတန်းကို ကိုင်ပြီး မတ်တပ်ရပ်နိုင်နေပြီ။ သူ့အားနဲ့သူ ဆွဲပြီးတော့ ထမရပ်နိုင်သေးဘူး။ သူ့လက်ကလေးတွေနဲ့ တန်းကိုဆွဲခိုင်းပြီး လူကြီးက ချိုင်းကနေ နဲနဲလေး မပေး (မသလိုလိုလေး) ထိန်းပေးလိုက်ရင်တော့ ဆွဲပြီးထရပ်တယ်။ ဘေးနားမှာတော့ လူကြီးတစ်ယောက်နေပေးရတာပေါ့ တော်ကြာ လဲပြုကျမှဖြင့်။

သမီးလိုဖြစ်တဲ့ကလေးလေးတွေကို ဘယ်လိုပြုစုစောင့်ရှောက်ရသလဲဆိုတာလေးတွေ အသေးစိပ် ရေးနိုင်ဖို့ ကြိုးစားကြည့်ချင်ပါသေးတယ်။


2 comments:

  1. မိခင်တစ်ယောက်ရဲ့ ရင်တွင်းပီတိ လှိုင်းခတ်သံလေးတွေ ခံစားသွားတယ် မိုးစက်လေးရေ..... ♥♥♥

    ReplyDelete
    Replies
    1. အိ တီတင့်ရောက်လာတာ မြန်လိုက်တာ။ လန့်တောင်လန့်တယ်။ ခုပဲ ပို့စ်တင်ပြီးလို့ အောက်ထပ်ခဏဆင်းသွားတာ ပြန်ရောက်လာတော့ တီတင့်ကွန်မန့်က ရောက်နေပြီ။ ဟုတ်မှဟုတ်ရဲ့လားလို့ မျက်လုံးပါပြူးတယ်။ခိခိ

      Delete