ဒီပို့စ်လေးက စာတွေတအားများမယ်နော်။
ဘာဖြစ်လို့လဲဆိုတော့ ရေးမှာက တစ်နေ့စာအတွက်ပဲဖြစ်ပေမဲ့ တွေ့ကြုံခံစားလာရတာတွေက အများကြီးဖြစ်နေလို့ပါ။
ဒီဇင်ဘာ (၇) ရက်နေ့ဟာ တကယ်ကို အဓိပ္ပါယ်ပြည့်ဝတဲ့ တနင်္ဂနွေနေ့ပါ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊
ဖိကစင် ၁၂၂ လမ်း၊ လင်း(မ်)လိုင်း အထည်ချုပ်စက်ရုံမှာ (၆) ကြိမ်မြောက် ဆွမ်းကြီးလောင်းပွဲသွားတယ်။
မနက်အစော ၆း၃၀ ကနေ ၁၀း၃၀ ထိ ဆွမ်းကြီးလောင်းဖို့ နေပူပူထဲမှာ ရပ်စောင့်နေရတယ်။
တိပိဋကဓရ ဓမ္မဘဏ္ဍာကာရိက ဖြစ်တော်မူသော
မြင်းခြံ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ ဂန္ဒမာလာလင်္ကာရ၊ မော်ကျွန်း တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ
သီလက္ခန္ဓာဘိဝံသ၊ မြင်းမူ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ ဝံသပါလာလင်္ကာရနှင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့
ဝပ်တလုံးကျောင်းထိုင် (ထိုင်း) ဆရာတော် အမှူးပြုသော ထိုင်းနိုင်ငံမှာ ပညာသင်ကြားနေကြကုန်သော
မြန်မာသံဃာအပါး (၃၅၀) ကို တစ်ပါးလျှင် (၅) ဘတ်နှုန်းနဲ့ ဘတ် ၁၇၅၀ လောင်းလှူခဲ့ရတယ်။
သံဃာအပါး (၃၅၀) လုံးမကြွပဲ
(၃၀၇) ပါးပဲကြွလာလို့ အရှေ့ပိုင်းသံဃာတွေကို တစ်ပါးကို ငါးဘတ်စေ့ တစ်စေ့နှုန်းပဲ လောင်းနိုင်ပေမဲ့။
နောက်ဆုံးသံဃာတွေကိုလောင်းရာမှာ အကြွေစေ့တွေကို လက်နဲ့ဆုပ်ဆုပ်ပြီး အဆုပ်လိုက်အဆုပ်လိုက်
လောင်းခဲ့ရတယ်။ နောက်ဆုံးသံဃာတော်ကိုတော့ ဗန်းထဲမှာ ကျန်သမျှ အကြွေစေ့တွေ အကုန်သွန်ချပြီးတော့ကို
အားရပါးရကြီး လောင်းလှူလိုက်ရတယ်။ တကယ် အားရစရာကြီး။
ဆွမ်းကြီးလောင်းလောင်း၊ သိမ်ဆင်းပဲလောင်းလောင်း
ထုံးစံမှာ ရှေ့ပိုင်းသံဃာတွေကိုသာ များများလှူနိုင်ကြပြီး နောက်ပိုင်းသံဃာတွေမှာ နည်းသွားကြတာများပေမဲ့
ဒီတစ်ပွဲကတော့ဖြင့် နောက်ပိုင်းသံဃာတွေကို များများလှူနိုင်ခဲ့တယ်။ လှူဒါန်းကြတဲ့ ဒကာ၊
ဒကာမတွေလဲ နေပူကျဲကျဲထဲမှာ ချွေးနဲ့ရင်းပြီး လှူဒါန်းကြတယ်။ အလှူခံကြွတော်မူကြသော သံဃာတော်အရှင်မြတ်တွေလဲ
နေပူထဲမှာ အလှူခံကြရတယ်။
လောင်းလှူနေရင်းနဲ့ စိတ်ထဲမှာ
နောက်နှစ်ကျရင်တော့ သံဃာတော်တွေအတွက် နဝကမ္မဝတ္ထုငွေသာမက စနိုးတာဝါ တွေကိုပါ လမ်းမှာတင်
အလှူခံကြွနေရင်း ချက်ချင်းသုံးနိုင်အောင် ထည့်လောင်းရမယ်။ ပြီးတော့ မနက်ဖြန်ကစပြီး အကြွေစေ့တွေကို
ဆွမ်းကြီးလောင်းပွဲအတွက် စုဘူးတစ်ဘူးနဲ့ ကြိုတင်စုထားမယ်။ ဒါဆိုရင်တော့ ဒီ့ထက်ပိုပြီး
များများလဲလှူနိုင်မယ်၊ နေတအားပူလွန်းတော့ စနိုးတာဝါလေးက သံဃာတော်တွေအတွက် နဲနဲလေးပဲဖြစ်ဖြစ်
အေးမြနိုင်မှာပါလို့ စဉ်းစားမိတယ်။
သံဃာတော်တွေကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းရုံမက
လာရောက်ကြတဲ့ သောင်းနဲ့ချီတဲ့ပရိတ်သတ်တွေကိုလဲ ကြက်သားဟင်း၊ ချဉ်ရည်ဟင်း၊ ဘာလချောင်ကြော်၊
ငပိရည်၊ တို့စရာ၊ အစိမ်းကြော် စတဲ့ဟင်းတွေ၊ အချိုပွဲအဖြစ်၊ သစ်သီးမျိုးစုံ၊ အချိုရည်၊
ရေခဲမုန့် စတာတွေနဲ့ လိုလေသေးမရှိရအောင် ဧည့်ခံကျွေးမွေးကြတယ်။
ဝေရာဝစ္စကုသိုလ်ယူကြတဲ့သူတွေဟာ
လုံးဝ လစ်ဟင်းမှုမရှိရအောင်ကို တော်ကြတယ်။ ဘယ်လိုပြောရမလဲ။ ထမင်းဝိုင်းတိုင်းမှာ ဘယ်ဟင်းခွက်မှ
မလျှော့စေရဘူး။ စားချင်တဲ့သူဝင်စား စတုဒီသာကျွေးတဲ့အလှူမှာ ထမင်းပန်းကန်မရောက်သေးလို့
ထိုင်စောင့်နေရတဲ့သူဆိုတာ တစ်ယောက်မှ မရှိရအောင်ကို ထောင့်စေ့အောင်တော်ကြတယ်။
ဒါတင်မက ဆွမ်းဆန်စိမ်းလောင်းဖို့
လမ်းပေါ်မှာ တန်းစီပြီး စောင့်ဆိုင်းနေကြတဲ့ လူတွေစီကိုပါ ရေခဲမုန့်၊ သောက်ရေသန့်၊ သစ်သီးစုံတွေကို
မပြတ်ရအောင် ခဏခဏကို လိုက်ပြီးဝေငှပေးသေးတယ်။ သူတပါးနိုင်ငံမှာ ဒီလောက်သံဃာတွေအများကြီးကို
စည်စည်ကားကားကြီး လှူတန်းနိုင်ဖို့ဆိုတာ တကယ်ကို မလွယ်ကူလှတဲ့ ကိစ္စပါ။ ထိုင်းရဲတွေသာမက
ထိုင်းစစ်တပ်ကပါ လာရောက် စောင့်ရှောက်ပေးကြရတဲ့အထိကို စည်ကားလှပါတယ်။
တရားနာတဲ့အချိန်ကျတော့ သံဃာတော်အရှင်သူမြတ်များမှ
မတ္တာသုတ်ပရိတ်တော်များ ရွတ်ဖတ်ပေးကြပြီးတဲ့နောက်မှာ ဝပ်တလုံးကျောင်းထိုင်ဆရာတော်က ထိုင်းဘာသာစကားနဲ့
သြဝါဒစကားမြွက်ကြားရာမှာ ဆရာတော်ဟာ အရင်ဘဝတွေက မြန်မာနိုင်ငံသားများဖြစ်ခဲ့လေသလားတဲ့။
သူ့ကျောင်းမှာ ထိုင်းနိုင်ငံမှာလာရောက်ပြီး ပညာသင်ကြားကြတဲ့ မြန်မာသံဃာ အပါး (၂၀၀)
ကျော်တို့ကို လက်ခံထားရုံသာမက မြန်မာနိုင်ငံသူနိုင်ငံသားများ ကျင်းပသမျှ ကထိန်ပွဲ၊
ဝါဆိုသင်္ကန်းကပ်ပွဲ၊ သင်္ကြန်ပွဲ၊ အလှူပွဲတိုင်းကို သူကျောင်းမှာ ကျင်းပခွင့်ပြုထားပြီးတော့
ပွဲတိုင်းမှာလဲ ဒီလောက်များပြားလှတဲ့ မြန်မာပြည်ဖွားတိုင်းရင်းသားများရဲ့ အပူဇော်ကို
ခံရပါတယ်တဲ့။ ဆရာတော်နဲ့တကွ မြန်မာပြည်ဖွားတိုင်းရင်းသားတွေဟာ ဘဝဘဝတွေကတည်းက ကုသိုလ်ပါရမီတွေ
ကတူတူဖြည့်ခဲ့ကြလို့ပဲဖြစ်မယ်တဲ့။
မြင်းခြံ တိပိဋကဓရ ဆရာတော်
ဘဒ္ဒန္တ ဂန္ဒမာလာလင်္ကာရ ဆရာတော်ကတော့ “လျှော့မတွက်ပါနဲ့” ဆိုတဲ့ခေါင်းစဉ်နဲ့ တရားဟောပါတယ်။
နန်းမှတ်မိသလောက်၊ နားလည်သလောက်ပြန်ပြောပြရရင် ကိုယ်လှူတဲ့အလှူဟာ စာသင်သား သံဃာတွေကို လှူတာဖြစ်လို့
တစ်ဘတ်ပဲလှူလှူ၊ နှစ်ဘတ်ပဲလှူလှူ၊ ငါးဘတ်၊ ဆယ်ဘတ်ပဲလှူလှူ တကယ်အကျိုးများလှပါတယ်။
သူတပါးနိုင်ငံမှာနေရတယ်ဆိုတာ
လူပုဂ္ဂိုလ်ပဲဖြစ်ဖြစ်၊ ရဟန်းသံဃာပဲဖြစ်ဖြစ် နေထိုင်စာရိတ်တွေ များလွန်းလှပါတယ်။ လူပုဂ္ဂိုလ်တွေမှာတော့
အလုပ်လုပ်နေရပေမဲ့ ရဟန်းသံဃာတွေမှာတော့ အလုပ်လုပ်လို့မဖြစ်ပဲ ဒကာဒကာမတွေကိုပဲ အမှီပြုပြီး
ပညာသင်ကြားရပါတယ်။ အထူးသဖြင့် ရဟန်းသံဃာတွေမှာ စာမေးပွဲဖြေဖို့ ပေးရတဲ့ စာမေးပွဲကြေးတွေဟာ
အင်မတန်များလွန်းလှပါတယ်။ ဒါကြောင့် ဆွမ်းဆန်စိမ်းလောင်းတယ်ဆိုရာမှာလဲ အထူးသဖြင့် အလှူခံပုဂ္ဂိုလ်ရဲ့
တကယ့်လိုအပ်ချက်ကို လှူတတ်ဖို့ အရေးကြီးလှပါတယ်။
ကုသိုလ်ရချင်လို့လှူတာချင်းတူရင်တောင်
သပ္ပုရိသအလှူမျိုးဖြစ်ဖို့လိုပါတယ်။ သပ္ပုရိသအလှူဆိုတာ ပညာရှိ သူတော်ကောင်းတွေရဲ့အလှူပါ။
ပညာရှိဖြစ်တဲ့အတွက် စဉ်းစားဆင်ခြင်ဉာဏ်နဲ့ပြည့်စုံပြီး ငါလှူလိုက်တဲ့အရာတွေကို အသုံးပြုပြီး
ရဟန်းသံဃာတွေမှာ ချမ်းသာကြပါစေ။ သာသနာ့အလုပ်၊ သာသနာ့တာဝန်တွေကို ထမ်းဆောင်နိုင်ကြပါစေ
ဆိုတဲ့ စိတ်စေတနာအပြည့်နဲ့ လှူပါ။
ခုဆိုရင် ဒကာဒကာမတွေလှူလိုက်တဲ့
အကြွေစေ့တွေဟာ ဆာလာအိတ်နဲ့ထည့်ပြီး ဒကာနှစ်ယောက်ထမ်းယူရတယ်။ အကျိုးတော်ဆောင်တွေရဲ့လျှောက်ထားချက်အရ
အကြွေစေ့တွေကို ဘတ် (၁၀) သိန်းဖိုးလောက် ကြိုတင်ရှာဖွေ လဲလှယ်ပေးထားရတယ်ဆိုတော့ ကိုယ်လှူလိုက်တဲ့
တစ်ဘတ်၊ နှစ်ဘတ်၊ ငါးဘတ်၊ ဆယ်ဘတ်ဟာ စာသင်သားသံဃာတွေအတွက် တစ်နှစ်လုံးစာမဟုတ်ရင်တောင်
နှစ်ဝက်စာလောက်တော့ ဖူလုံသွားမှာဖြစ်တဲ့အတွက် ကိုယ်လှူလိုက်တဲ့ တစ်ဘတ်၊ နှစ်ဘတ်၊ ငါးဘတ်၊
ဆယ်ဘတ်ကို လျှော့မတွက်ပါနဲ့လို့ပြောချင်တာပါတဲ့။
တရားဆုံးလို့ ရေစက်ချ အမျှဝေတဲ့အချိန်မှာ
ရင်ထဲမှာဘယ်လိုခံစားရမှန်းမသိဘူး။ ဘာကြောင့်မှန်းမသိပဲ မျက်ရည်တွေပိုးပိုးပေါက်ပေါက်
ကျလာတယ်။ အမျှဝေနေရင်း၊ သာဓုခေါ်နေရင်း တရှုံ့ရှုံ့နဲ့ ငိုကြွေးခဲ့တယ်။ ဒါကြောင့် နန်းလှူခဲ့တဲ့အလှူ၊
နန်းခံစားခဲ့တဲ့ပီတီကို မွေးသမိခင်ကျေးဇူးရှင်၊ မွေးသဖခင်ကျေးဇူးရှင်၊ ချစ်သောသားသား၊
သမီး၊ ချစ်သောကိုကိုနှင့်မိသားစုများ၊ မောင်နှမဆွေမျိုးများ၊ နန်းရဲ့ဘလော့လေးမှာ လာရောက်လည်ပတ်ကြတဲ့
မမြင်ဖူးသော်လည်း လေးစားချစ်ခင်ရတဲ့ တီတင့်နှင့် ဘလော့ဂါ မောင်နှမများ၊ ညီအမများနှင့်တကွ
၃၁ ဘုံသားအပေါင်းတို့ကို အမျှပေးဝေပါတယ်။ အားလုံး ကြားကြားသမျှ၊ မြင်မြင်သမျှ အမျှ
အမျှ အမျှ ယူတော်မူကြပါကုန်လော……….။
ဆွမ်းဆန်စိမ်းလောင်းပွဲကနေ
ပြန်ရောက်တော့ နေ့လည် ၂ နာရီခွဲပြီ။ ခဏနား နေပူထဲမှာနေတာကြာသွားလို့ ခေါင်းတခုလုံး
ပွင့်ထွက်တော့မလား အောက်မေ့ရလောက်အောင် ကိုက်ခဲနေပြီ။ ခြေလက်ဆေး၊ ထမင်းနဲနဲစား ပါရာစီတာမော(လ်)
တစ်လုံးသောက်ပြီး တစ်ရေးတစ်မောအိပ်လိုက်ကြတယ်။ ညနေ ၅ နာရီခွဲတော့ ဝပ်လိုက်ခင်လမ်း၊
စိုင်ဟ=(ရပ်ကွက် ၅) ကော်ပုံးစက်ရုံက တရားပွဲနောက်တစ်ပွဲသွားပါတယ်။ တရားပွဲက ခဏခဏသွားဖြစ်ပါတယ်။
ဒါပေမဲ့ ဒီတစ်ခေါက်သွားတဲ့ တရားပွဲက အရမ်းကိုထူးခြားလွန်းကို ပြန်ပြောပြတာပါနော်။
ဘာလို့လဲဆိုတော့
တရားပွဲကျင်းပတဲ့အကျိုးတော်ဆောင်တွေက ဒါဟာ ကျွန်တော်တို့ရဲ့ ပထမဆုံးကျင်းပပူဇော်တဲ့
တရားပွဲပါ။ တရားပွဲကျင်းပပူဇော် ချင်လွန်းလို့ ကျွန်တော်တို့လူငယ်တွေ ဘူးခွံ၊ ခွက်ခွံလိုက်ကောက်ပြီး
ရောင်းရတဲ့ငွေတွေစုထားပြီး တရားပွဲကျင်းပတာပါတဲ့။ တရားပွဲသွားတော့ လက်ကမ်းစာစောင်လေးတွေဝေတယ်။
စာစောင်လေးမှာ ရေးထားတာလေး သဘောကျလို့ ပြန်ရေးပြပါရစေနော်…။ ကဗျာလေးက နဲနဲတော့ရှည်တယ်။
ကလောင်ရှင်နာမည်က တာဝတိံသာ(တောင်သာ) တဲ့ ဖတ်ကြည့်ပေးပါနော်။ ရေးထားတာက…
၁။ ဝပ်လိုက်ခင်လမ်း၊ စိုင်ဟလူငယ်
စိတ်ဓါတ်တွေက၊ မြူးကြွတကယ်
တရားပွဲတွက်၊ ဗူးခွက်ကောက်သယ်
လူငယ်လေး၊ မျှော်တွေးတတ်ပါတယ်။
၂။ ဝပ်လိုက်ခင်လမ်း၊ စိုင်ဟလူငယ်
အများကြည်နူး၊ ရွှမြူးတကယ်
ဓမ္မရည်စူး၊ နေ့ရက်ဗူးသယ်
ဘာသာရေး၊ အားပေးဒို့လူငယ်။
၃။ ဝပ်လိုက်ခင်လမ်း၊ စိုင်ဟလူငယ်
တရားလှူဒါန်း၊ လက်ဆင့်ကမ်းသယ်
ဒါမှသူ့လမ်း၊ ဖြောင့်လို့တန်းမယ်
ဓမ္မဆေး၊ တိုက်ကျွေးဒို့လူငယ်။
၎။ ဝပ်လိုက်ခင်လမ်း၊ စိုင်ဟလူငယ်
ကမ္ဗည်းမှတ်တမ်း၊ ထက်တန်းတင်မယ်
ခရီးဖြတ်သန်း၊ ဘဝလမ်းသွယ်
ဒါနပွဲ၊ ဖြန့်ကြဲဒို့လူငယ်။
၅။ ဘီယာသောက်စား၊ ယောက်ျားလူငယ်
သတိစကား၊ ပြောကြားမယ်ကွယ်
ဘီယာရေသောက်၊ ပုလင်းပေါက်ဝယ်
အလှူတန်း၊ လက်ကမ်းလှူပါကွယ်။
၆။ ချိုရည်မုန့်စား၊ မိန်းမသားရယ်
သံသရာတွက်၊ သတိကပ်ခြယ်
ချိုရည်သာသောက်၊ ဗူးပေါက်သွယ်သွယ်
ကုသိုလ်ရေး၊ အားပေးလှူကြကွယ်။
၇။ တိုက်ခန်းအငှား လူများနေတာ
တောင်းပန်စကား၊ ပြောကြားမယ်ဗျာ
အိမ်မှာစားသောက်၊ ဗူးပေါက်ဗလာ
အမှိုက်တောင်း၊ ထည့်လောင်းမသင့်ပါ။
၈။ စက်ရုံသီးသီး၊ ကျားမနှစ်ထွေ
ကာဖယ် အမ်မလွဲ၊ သုံးစွဲသလေ
(ကာဖယ်=ကော်ဖီဗူး၊ အမ်မလွဲ=M 150 အားဖြည့်အချိုရည်ပုလင်း)
သုံးပြီးဗူးကောက်၊ အသိရောက်စေ
တရားပွဲ၊ အားခဲလှူကြလေ။
၉။ အမှိုက်ထဲက၊ ကုသိုလ်ရွှေငွေ
ဘယ်လိုရလဲ၊ ဒီညသက်သေ
လူငယ်ဇွဲပြု၊ အားခဲမှုတွေ
ယနေ့ည၊ စံပြနမူနာ
၁၀။ ဗူးခွံရောင်းရ၊ စုပေါင်းဝင်ငွေ
တရားပွဲကြွ၊ ဟောပြမထေရ်
အားလုံးဦးချ၊ ဖူးရသလေ
ပူဇော်ပန်း၊ လှူဒါန်း ဒို့တတွေ။
၁၁။ ဗူးကောက်သမား၊ မောပန်းချွေးပေ
ဒီကနေ့ည၊ တရားမျှဝေ
ဘုန်းဘုန်းဟောပြ၊ တစ်လုံးရစေ
မမောပန်း၊ အားရဝမ်းသာချေ။
၁၂။ ဗူးခွံကောက်ရ၊ ပုညစေတနာ
တရားနာကြွ၊ ဓမ္မမိတ်သဟာ
ညီညာပေါင်းစု၊ တောင်းဆုမေတ္တာ
ကိုယ်စိတ်ဝမ်း၊ အေးချမ်းလွန်သာယာ။
တာဝတိံသာ (တောင်သာ)
(ပုံးရုံစိုင်ဟ)
နောက်တစ်ပုဒ်က…
“အမှိုက်ထဲကငွေ
ကုသိုလ်ရွှေ”
တနေ့တခေါက်
ဗူးခွံကောက်
ကုသိုလ်နေ့စဉ်ရောက်။
ဗူးခွံကောက်တာ
ရှက်စရာ
ဘုရားမဟောပါ။
ဗူးကောက်သမား
အောက်တန်းစား
ဘုရားမဟောထား။
လမ်းဘေးမှာရောက်
ဗူးအပေါက်
ပိုက်ဆံငွေလိုကောက်။
အမှိုက်ပုံးထဲ
ဗူးကောက်ဆွဲ
ပိုက်ဆံရတာပဲ။
အမှိုက်ထဲကငွေ
ကုသိုလ်ရွှေ
ရအောင်ယူကြလေ။
ဗူးခွံကောက်ရောင်း
ရငွေပေါင်း
အလှူအတန်းလောင်း။
ဗူးခွံကောက်ရဲ
လက်တူတွဲ
ဒီညအလှူပွဲ။
ဗူးကောက်သမားတွေ
တရားဝေ
အားလုံးရကြစေ…။
သာဓု…သာဓု…သာဓု…
တာဝတိံသာ (တောင်သာ) (ပုံးရုံ စိုင်ဟ)
အဲ့ဒီတရားပွဲမှာ
ဟောတဲ့ မြင်းခြံ တိပိဋကဓရ ဆရာတော် ဘဒ္ဒန္တ ဂန္ဒမာလာလင်္ကာရရဲ့တရားတွေကိုလဲ မှတ်မိသလောက်ပြောပြချင်သေးတယ်။ တရားခေါင်းစဉ်က “ပရဟိတ
ကျင့်စဉ်များ” တဲ့။ ပရဟိတအလုပ်ကို လုပ်တဲ့နေရာမှာ စံချိန်မှီတဲ့ ပရဟိတဖြစ်စေဖို့၊
အောင်မြင်တဲ့ပရဟိတဖြစ်စေဖို့။ ပရဟိတစံနှုန်းများအကြောင်းကို ဆရာတော်က ဟောကြားပါတယ်။
ပရဟိတအလုပ်ဆိုတာ ဘုရားအလောင်းတော်တွေရဲ့ကျင့်စဉ်ပါ။ ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှာ
နိဗ္ဗာန်ကို ဝင်စံ နိုင်ပေမဲ့ သတ္တဝါတွေကို အကျိုးပြုချင်လို့ ဘုရားအဖြစ်ကို ဆုပန်ခဲ့တာပါ။
ဘုရားအဖြစ်ကိုရဖို့ရမှာ ပါရမီဆယ်ပါးဆိုတဲ့အကျင့်တွေကို ကျင့်ရပါတယ်။ ပရဟိတအလုပ်ဟာ ဘုရားအလောင်းတို့ရဲ့ကျင့်စဉ်ဖြစ်လို့
ဘုရားအလောင်းတို့ကျင့်ခဲ့တဲ့ ပါရမီဆယ်ပါးကို ပရဟိတကျင့်စဉ် ပရဟိတ စည်းမျဉ်းစည်းကမ်း၊
မူဝါဒအဖြစ် သတ်မှတ်ထားရမှာပါ။ ပါရမီဆယ်ပါးဆိုတာ…
၁။
ဒါန ပါရမီ= ပေးကမ်းစွန့်ကြဲလှူဒါန်းမှုကို ဖြည့်ကျင့်ခြင်း။ ပရဟိတဆိုတာ
သူတပါးကို ပေးနိုင်ဖို့ကျင့်ရမှာပါ။ ပေးတယ်ဆိုတဲ့နေရာမှာလဲ လူတန်းစားမခွဲခြားပဲ။ ခွဲခြားခြင်းမရှိပဲ၊
ပေးနိုင်သလောက်အကောင်းဆုံးပေးရမှာပါ။
၂။
သီလ ပါရမီ= သီလစောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။ သီလဆိုတာ စည်းကမ်းကိုပြောတာပါ။
ပုထုစဉ်တွေမှာ စောင့်ထိန်းရမဲ့ စည်းကမ်း ငါးချက်ရှိပါတယ်။ ငါးပါးသီလပါ။ စည်းကမ်းကို
ဘယ်လိုစောင့်ထိန်းရမလဲဆိုရင် စာမရီဆိုတဲ့သားကောင်ဟာ သူ့ရဲ့အမြီး ခြုံနဲ့ညိနေခဲ့ရင်
အမြီးပျက်စီးသွားမှာစိုးလို့ မရုံးပဲ အသက်သာအသေခံတယ်။ အမြီးအပျက်အစီးမခံသလို မိမိတို့ရဲ့စည်းကမ်း၊
မိမိတို့အဖွဲ့အစည်းရဲ့စည်းကမ်းတွေကို စောင့်ထိန်းရမှာပါ။
၃။
နိက္ခမ ပါရမီ= ကာမဂုဏ်မှ ထွက်မြောက်မှုကို ဖြည့်ကျင့်ခြင်း။ အသင်းပိုင်ပစ္စည်း၊
အသင်းပိုင်ရံပုံငွေတွေကို မိမိစိတ်အလိုအတိုင်းအသုံးမပြုမိအောင် ကြိုးစားရှောင်ကျဉ်ရမှာပါ။
ပရဟိတ ဗန်းပြပြီး ကိုယ်ကျိုးစီးပွားတွေမလုပ်မိအောင်ကြိုးစားရှောင်ကျဉ်ရမှာပါ။
၎။
ပညာ ပါရမီ= ဉာဏ်ပညာတိုးပွါး ရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။ ခေတ်ကာလကြီး
မကောင်းလာတာနဲ့အမျှ သူတပါးကို ပေးကမ်းကူညီတဲ့နေရာမှာလဲ ဉာဏ်နဲ့ဆင်ခြင်ပြီးမှ ပေးကမ်းကူညီရမှာပါ။
၅။
ဝီရိယ ပါရမီ= ဇွဲလုံ့လ စွမ်းပကားကြီးမားရန် ဖြည့်ကျင့်ခြင်း။ ကေသရာဇာခြင်္သေ့မင်းသည်
လျောင်း၊ ထိုင်၊ ရပ်၊ သွား၊ အိပ်နေသည်ဖြစ်စေ၊ မည်သည့်အချိန်ဖြစ်စေ၊ သားကောင်ဖမ်းဖို့
အဆင်သင့်ရှိနေသကဲ့သို့ မိမိရဲ့ အဖွဲ့အစည်း၊ ပရဟိတလုပ်ငန်းတွေအတွက် အမြဲအဆင်သင့်ရှိနေရမှာပါ။
၆။
ခန္တီ ပါရမီ= သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။ ပရဟိတအလုပ်တွေကိုလုပ်တော့မယ်ဆိုရင်
မိမိစိတ်ဓါတ်ကို ခြေဖဝါးအောက်မှာထားပြီးလုပ်ရမှာပါ။ ဒီလိုမှမဟုတ်ရင် ကိုယ့်အပေါ်မှာ
အမျိုးမျိုးပြောလာတဲ့သူတွေနဲ့ ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်သလို စံမှီတဲ့ပရဟိတ၊ အောင်မြင်တဲ့ပရဟိတလဲ
ဖြစ်မလာနိုင်ပါဘူး။
၇။ သစ္စာ ပါရမီ= အမှန်အတိုင်းပြော၍
ပြောသည်အတိုင်း ဖြည့်ကျင့်ခြင်း။ ပရဟိတအလုပ် လုပ်တဲ့အခါမှာ စည်းကမ်းဟာစည်းကမ်း
အတိုင်းပဲ ဖြစ်စေရမှာပါ။ သံဃာ့အဖွဲ့အစည်းဟာ နှစ်ပေါင်း ၂၅၀၀ ကျော်လာတဲ့အထိ စည်းလုံးညီညွတ်ပြီး
ကမ္ဘာပေါ်မှာအရှည်ကြာဆုံးအဖွဲ့အစည်းလို့ ပြောရင်လဲ မမှားပါဘူး။ ဒါဟာဘာကြောင့်လဲဆိုရင်
စည်းကမ်းကို စည်းကမ်းအတိုင်း လိုက်နာလို့ပါ။ စာတတ်တတ်၊ စာမတတ်တတ်၊ အသက်ကြီးကြီး၊ အသက်ငယ်ငယ်၊
ဝါကြီးကြီး၊ ဝါငယ်ငယ် ဘယ်လိုသံဃာမျိုးပဲဖြစ်ဖြစ် အပြစ်ကျူးလွန်ရင် အာပတ်သင့်တာပါပဲ။
အသက်ကြီးလို့ ဝါကြီးလို့ စာတတ်လို့ စာမတတ်လို့ အာပတ်မသင့်ဘူးဆိုတာ မရှိပါဘူး။ ဒါကြောင့်
မိမိရဲ့ပရဟိတအလုပ်တွေ အဓွန့်ရှည်စေဖို့ စည်းကမ်းကို စည်းကမ်းအတိုင်းလိုက်နာရမှာပါ။
၈။
အဓိဋ္ဌာန် ပါရမီ= စိတ်ဆုံးဖြတ်သည့်အတိုင်း ခိုင်မြဲစွာလိုက်နာ ဖြည့်ကျင့်ခြင်း။ ချမှတ်ထားတဲ့စည်းကမ်းတွေ၊
သတ်မှတ်ထားတဲ့လုပ်ငန်းတွေကို လုပ်ဖြစ်အောင်ကြိုးစားပြီးလုပ်ရမှာပါ။ ခုထ လုပ်လိုက်၊
တော်ကြာမအားလို့ မလုပ်လိုက် မဖြစ်ရပါဘူး။ နေ့တိုင်းဘူးခွံထွက်ကောက်မယ်ဆို နေ့တိုင်းထွက်ဖြစ်အောင်ထွက်ကောက်ရမှာပါ။
တစ်ပတ်တစ်ခါထွက်မယ်ဆိုလဲ တစ်ပတ်တစ်ခါ ဖြစ်အောင်ထွက်ရမှာပါ။
၉။
မေတ္တာ ပါရမီ= သူတပါးအကျိုးစီးပွါး လိုလားမှုကို ဖြည့်ကျင့်ခြင်း။ ပရဟိတအလုပ်ဆိုတာ
သူတပါးအကျိုးအတွက်ဆောင်ရွက်နေတာပါ။ ဒါကြောင့် ကိုယ်နဲ့အလွမ်းသင့်တဲ့သူကို များများကူညီလိုက်၊
ကိုယ်နဲ့အလွမ်းမသင့်တဲ့သူကျတော့ မကူညီပဲနေလိုက်မလုပ်ရပါဘူး။ ကိုယ်နဲ့အဆင်ပြေသူဖြစ်စေ၊
အဆင်မပြေသူဖြစ်စေ၊ အားလုံးကို မျှတတဲ့ မေတ္တာထားရပါမယ်။
၁၀။
ဥပေက္ခာ ပါရမီ= ချစ်ခြင်း မုန်းခြင်းမရှိ ကောင်းဆိုးနှစ်တန် ခံနိုင်ရည်ရှိစေရန်
ဖြည့်ကျင့်ခြင်း။ ပရဟိတအလုပ်တွေလုပ်တဲ့အခါမှာ အကောင်းပြောတဲ့သူတွေနဲ့လဲ
ကြုံတွေ့ရမယ်။ အဆိုးပြောတဲ့သူတွေနဲ့လဲ ကြုံတွေ့ရမယ်။ အဲ့ဒီအခါမျိုးတွေမှာ မြေကြီးလိုကျင့်ရပါမယ်။
မြေကြီးပေါ်မှာ လူတွေဟာ သစ်ပင်၊ပန်းပင်လေးတွေစိုက်ကြတယ်။ မြေကြီးကို အမျိုးမျိုးလှပအောင်ပြုပြင်ကြတယ်။
ဒါတွေကို မြေကြီးက မသာယာပါဘူး။ အဲ့လိုပဲ မြေကြီးပေါ်မှာပဲ လူတွေက အမှိုက်နဲ့အညစ်အကြေးတွေစွန့်ပစ်ကြတယ်
အဲ့ဒါတွေကိုလဲ မြေကြီးက စိတ်မဆိုးပါဘူး။ ဒါကြောင့်ပရဟိတာလုပ်တဲ့နေရာမှာ မြေကြီးလိုကျင့်ကြံရမှာပါ။
ဒါလေးက
နန်းမှတ်မိသလောက်၊ နားလည်သလောက်လေး ပြန်ပြောပြပေးတာပါနော်။ တရားဆိုတာ နာပြီးရင် လိုက်နာကျင့်သုံးဖို့လဲ
လိုသေးတယ်ဆိုတော့ မှတ်မိနေအောင် မှတ်တမ်းတင်ထားတဲ့သဘောမျိုးလဲပါပါတယ်။
နှလုံးစိတ်ဝမ်း အေးချမ်းသာယာရှိကြပါစေ...။
နန်းရွှေမှုံ
No comments:
Post a Comment