Saturday, February 7, 2015

ရှင်မင်းသန့်ရဲ့ ဘာသာစကား(၂)


မနက်ခင်း အလုပ်သွားဖို့ သနပ်ခါးလိမ်းနေတုန်း သမီးက မုန့်စားနေရင်းက အာလုတ်သံကြီးနဲ့ “အမေ အမေ” နဲ့ခေါ်နေတာကို သတိမထားမိဘူး။ လေး ငါးခွန်းကြားလာမှ “ အယ် ရှင်းရှင်းလေး အမေလို့ခေါ်နေတာလား ဟုတ်လား။ ခေါ်ပါအုံး။ အမေလို့ခေါ်ပါအုံး” ဆိုတော့ ရှက်သွားတဲ့ မျက်နှာထားနဲ့ ခေါင်းငုံ့သွားပြီး မခေါ်တော့ဘူး။ သူမခေါ်တော့မှ ကိုယ်က ပိုပြီးကြားချင်လာတယ်။ “သမီးလေး အမေလို့ခေါ်ပါအုံး” ဆိုတော့မှ ခေါင်းမော့လာပြီး “အမေ” လို့ တစ်ခွန်းထပ်ခေါ်တယ်။ ကြားဖူးသမျှအသံတွေထဲမှာ ဒါဟာ ဒုတိယအကြိမ်မြောက် အချိုသာဆုံး။ အအေးမြဆုံးအသံပါပဲ။


သားသား ငယ်ငယ်ကလဲ နန်းကို မေမေလို့မခေါ်ဘူး။ ပတ်ဝန်းကျင်ကရော မိသားစုကရော နန်းကို မမကြီးလို့ခေါ်ကြတော့ သူကလဲ မမကြီးလို့ပဲခေါ်တယ်။ မေမေလို့ခေါ်ဖို့ မနည်းသင်ရတာ။ ဒါလဲ မခေါ်ဘူး။ မူကြိုတက်တဲ့အရွယ်ရောက်မှ သူများကလေး တွေ မေမေခေါ်သံကြားလို့ထင်ပါရဲ့ ကျောင်းကပြန်ရောက်တဲ့ တညနေ သူ့အရုပ်တွေနဲ့ တစ်ယောက်ထဲ ကစားရင်း “မေမေ မေမေ” နဲ့ခေါ်ကြည့်နေရင်းက သူကစားတဲ့ဘေးနားမှာ အလုပ်လုပ်နေတဲ့ နန်းကို “မေမေ” လို့လှမ်းခေါ်တာ။ အဲ့ဒီတုန်းကလဲ “အယ် သားသားက မေမေလို့ခေါ်တယ်တော့” ဆိုပြီး ကြည်နူးလိုက်ရတာ။ ဝမ်းသာလိုက်ရတာ။ ပျော်လိုက်ရတာ။


ကလေးတွေက စကားပြောတတ်ရင် မေမေ မန်မန် ဆိုတဲ့ စကားတွေကနေ စပြောကြပေမဲ့ သားသားကတော့ ရှစ်လ၊ ကိုးလ လောက်ကတည်းက “ဘာ” (ဘာတုန်းလို့ ရန်ထောင်တာ) ကနေစပြောတယ်။ သင်တဲ့သူတွေကလဲ “ဘာတုန်း” လို့ရန်ထောင်လိုက်သားသား ဆိုပြီး သင်ကြတယ်။ ပြီးတော့ နောက်တစ်ခွန်းတက်လာတယ်။ လက်ဝါးထောင်ပြပြီး “ပါးပါး” တဲ့။ နန်းက တနေကုန်အလုပ်သွားနေပြီး အိမ်က ညီမတွေ ပတ်ဝန်းကျင်က သူတွေနဲ့ပဲ နေခဲ့ရတော့ သူတို့သင်သမျှ ကလေးက လိုက်ပြောတာပေါ့။ နောက်ပိုင်းကျတော့ မာမီ့ကို မာမီလို့ခေါ်ပြီး ဒက်ဒီ့ကို ဘဘ တဲ့။ နန်းကိုတော့ မမကြီးတဲ့။


သမီး ကတော့ “အမေ” ဆိုတဲ့စကားက စပြောတာပေါ့။ ဒါပေမဲ့ ကလေးနှစ်ယောက်လုံးက အသက်(၃) နှစ်ရှိခါနီးကျမှ “အမေ” ခေါ်တာကြားရတဲ့ မအေခမြာလဲ မချင့်မရဲနဲ့ပါ။ ဘယ်အရွယ်မှပဲခေါ်ခေါ်ပါ။ သားသမီးက “မေမေ” လို့ခေါ်တဲ့အသံလောက် သာယာနာပျော်ဖွယ် ကောင်း တဲ့အသံ။ ကြည်နူးချမ်းမြေ့စရာကောင်းတဲ့အသံ ရှိနိုင်ပါအုံးမလား။ ခုတော့ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ရှင်မင်းသန့်လေး (၃) နှစ်ပြည့်ပါပြီ။ အသက်(၃)နှစ်ပြည့်ခါနီးမှာ သမီးလေးနှုတ်က စကားတစ်ခွန်းတော့ပြောနိုင်လာပြီ။ ပြောလာတဲ့စကားတစ်ခွန်းက “အမေ” တဲ့။

6 comments:

  1. ရှင်မင်းလေးတောင်ကြီးလာပြီကြည့်စမ်း ချစ်စရာကောင်းလိုက်တာ..
    အမတော့ သမီးရဲ့မေမေတစ်ခွန်းထဲနဲ့တင် တော်တော်ပျော်နေပြီထင်တယ်။ :)

    ReplyDelete
    Replies
    1. မပျော်ပဲ နေနိုင်ရိုးလားအသူရယ်။... အမေတွေရဲ့အသည်းနှလုံးလုံးကို အရည်ပျော်တိမ်းညွတ်သွားအောင်လုပ်နိုင်တာ သူတို့ရဲ့ တီတီတာတာအသံလေးတွေပဲမဟုတ်လား။...

      Delete
  2. ကွန်နက်ရှင်ကြောင့်ထင်ပါရဲ့ တီတင့် တင်လိုက်တဲ့ကွန်မန့်ပျောက်သွားတယ် ထပ်ရေးခဲ့တယ်နော်။
    နန်းရဲ့ပို့စ်လေးဖတ်အပြီးမှာ မိခင်တွေရဲ့ခံစားချက်လေးတွေ အတွေးထဲဝင်လာတယ်။ စမ်းရေပမာ မိမေတ္တာဆိုသလို သားသမီးတွေအပေါ် မိခင်တွေရဲ့ မေတ္တာရေစီးကြောင်းလေးတွေ စဉ်ဆက်မပြတ် တစ်သွင်သွင်စီးဆီးနေကြတယ်။

    ReplyDelete
    Replies
    1. မရောက်မချင်း ရအောင်ကွန်မန့်ပေးတဲ့ တီတင့်ကို ကျေးဇူးတင်ပါတယ်ရှင်...။သားသမီးတွေကိုပိုချစ်လာလေ မိဘတွေကိုလဲ(အထူးသဖြင့်မေမေ့ကို) ပိုချစ်လာလေပါပဲတီတင့်ရေ...။

      Delete
  3. ဒီပိုစ် တခုလေး ဖတ်ရုံနဲ့ မေမေ့ ရဲ့ မေတ္တာ တွေ ပျော်ရွှင်မှုတွေ မြင်နိုင်ပါတယ်ဗျာ...ရသ ပိုင်းအရ ကြည့်ရင်..အလွန်ရိုးရှင်းပြီး အလွန် အနှစ်သာရ ပြည့်လှတာကြောင့် ၃ ၄ ခေါက်လောက်ဖတ်မိတယ်ဗျာ ..

    ReplyDelete
    Replies
    1. လာရောက်အားပေးတာအတွက် ကျေးဇူးအထူးပါ နတ်မင်းရေ... နန်းက ရသပိုင်းတွေဘာတွေလဲည်း နားလည်လှတာမဟုတ်ပါဘူး။ သမီးလေးခေါ်သံကို ရင်ထဲမှာ ခံစားရတဲ့အတိုင်းရေးထားတာပါ...။ ၃ ၄ ခေါက်တောင်ဖတ်သွားတယ်ဆိုတော့ တကယ်ကိုကျေးဇူးတင်မိပါတယ်...။

      Delete