Monday, August 17, 2015

“KAIZEN” မိတ်ဆက်။


 “KAIZEN” ဆိုတာ စစ်ကြောင့်ဖြစ်ပေါ်လာတဲ့ ပြာပုံအောက်က ဂျပန်နိုင်ငံကို ကမ္ဘာ့ထိပ်တန်းနိုင်ငံအဖြစ် ရောက်ရှိစေခဲ့ တဲ့ စနစ်ပါ။ ခိုင်ဇန်လို့အသံထွက်ပါတယ်။ “KAIZEN” ဆိုတာဘာလဲ၊ ဘယ်လိုပေါ်ပေါက်လာသလဲ၊ ဘယ်လို အသုံးချရသလဲ ဆိုတာ သိသလောက် မျှဝေပေးလိုက်ပါတယ်နော်။
ဒုတိကမ္ဘာစစ်ကြီးအတွင်းတုန်းက အမေရကန်နိုင်ငံက ဂျပနိုင်ငံကို အနုမြူဗုံးကြံချခဲ့တာကို အားလုံးသိကြမှာပါ။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့မှာ ဟီရိုရှိးမှားမြို့ကို ပထမဆုံးအနုမြူဗုံးချခဲ့ပြီး နောက် ၃ ရက်အကြာမှာ နာဂါဆာကီမြို့ကို ဒုတိယ အနုမြူဗုံး ထပ်ချလို့ လူတွေသိန်းချီပြီး အသက်သေဆုံးခဲ့ကြရတယ်။ ဂျပန်နိုင်ငံရဲ့အရေးပါတဲ့ မြို့ကြီး ၂ မြို့လဲ ပြာပုံဘဝ ရောက်ခဲ့ရတယ်။ ဒီနေရာမှာ အနုမြူဗုံးအကြောင်း အလွယ်ဆုံးပြောပြရရင် အနုမြူဗုံး တစ်လုံးထဲနဲ့ လူပေါင်း ၃-၄ သိန်းကျော်နေ ထိုင်ပြီး အကျယ်အဝန်းအားဖြင့် ၃ မိုင်ထက်ပိုကျယ်တဲ့မြို့တစ်မြို့ ပြာကျသွားနိုင်ပါတယ်။ အနုမြူဗုံးဒဏ်ခံရရင် ဘယ်လိုဖြစ် တယ် ဆိုတာလေး သိသလောက် ပြောပြချင်ပါ တယ်။ အပြည့်အစုံမဟုတ်ပေမဲ့ ဗဟုသုတပေါ့။
အနုမြူဗုံးဟာ ကမ္ဘာပေါ်မှာဂျပန်နိုင်ငံတစ်နိုင်ငံပဲ ခံခဲ့ရပါတယ်။ သုံးတဲ့နိုင်ငံကလည်း အမေရိကန် တစ်နိုင်ငံတည်းပဲါ။ ဒါပေမဲ့ အဲဒီအချိန်ကကြဲခဲ့တဲ့ နျူကလီးယားလက်နက်ဟာ ဒီနေ့ကာလတိုင်အောင် ကမ္ဘာကြီးကိုခြိမ်းခြောက်နေဆဲဖြစ်ပါတယ။ အနုမြူရောင်ခြည်သင့်ရာကပေါ်ပေါက်လာတဲ့ ရောဂါဝေဒနာဆိုးများကိုလည်း ဂျပန်နိုင်ငံမှာ မျိုးဆက်အဆင့်ဆင့် ခံစားခဲ့ရပါ တယ်။ ၁၉၄၅ သြဂုတ်လ ၆ရက် နဲ့ ၉ ရက် နေ့များမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါစကီတို့ကို ကြဲချလိုက်တဲ့ အနုမြူဗုံးများရဲ့ ပေါက်ကွဲအားဟာ TNT ယမ်းတန်ချိန် ကီလိုတန် (ထောင်ဂဏန်း) ရှိပါတယ်။ ဗုံးပေါက်ကွဲမှုမှာ အပူချိန်က ၇၀၀၀ ဒီဂရီ စင်တီ ဂရိတ် ရှိပြီး မှိုပွင့်ပုံစံ တိမ်တိုက်ကြီးက နာရီပေါင်း များစွာ ကျန်ရှိနေခဲ့ပါတယ်။
အနုမြူဗုံးပေါက်ကွဲမှုကြောင့် အယ်လ်ဖာ၊ ဘီတာ၊ ဂမ်မာ လို့ခေါ်တဲ့ ရောင်ခြည်တွေဖြာထွက်ပြီး ဒီရောင်ခြည် တွေက လူတွေရဲ့ခန္ဓာကိုယ်ထဲဖေါက်ဝင်ပြီး ချက်ခြင်းသေကြသလို၊ နောက်ပိုင်းမှာလည်း သွေးကင်ဆာ၊ ရိုးရိုးကင်ဆာတို့ဖြစ်ပြီး တ ဖြည်းဖြည်းသေကုန်ကြပါတယ်။ အနုမြူရောင်ခြည်သင့်ပြီး မသေဘဲကျန်ခဲ့တဲ့လူတွေက မွေးဖွားလာခဲ့တဲ့ နောက်မျိုးဆက် ကလေးများဟာလဲ ကင်ဆာရောဂါများခံကြရသလို အချို့မှာ နားရွက်၊ ပါးစပ်ပေါက်မပါခြင်း၊ မျက်လုံးကဦးခေါင်းနောက်မှာပါ လာခြင်း စတဲ့ မျိုးဗီဇ ချို့ယွင်းမှုများပါ ခံစားခဲ့ကြရပါတယ်။ ၁၉၄၅ စာရင်းအရဆိုရင် ဟီရိုရှီးမားမှာ လူပေါင်းတစ်သိန်းလေး သောင်းလောက်သေပြီး၊ နာဂါစကီမှာ ရှစ်သောင်းလောက်သေပါတယ်။
ဟီရိုရှီးမားအနုမြူဗုံးချခံရပုံကို သတင်းသမားတစ်ဦးက ဒီလိုဖေါ်ပြခဲ့ပါတယ်။ ရုတ်တရက် စူးကနဲ အဖြူရောင်လိုလို၊ ပန်းရောင်လိုလို အလင်းကြီးကောင်းကင်မှပေါ်လာပြီး တွေ့ထိသူမှန်သမျှ အသက်ရှူ ကြပ်၍သော်လည်းကောင်း၊ လောင်ကျွမ်း ၍သော်လည်းကောင်း၊ သေစေနိုင်သည့် ပြင်းထန်သောအပူကြီးနှင့် လေထုကြီးသည် သူဆင်းချလာရာပတ်ဝန်းကျင်တစ်ခုလုံး သိမ်းကြုံးရှင်းလင်းပစ်လိုက်လေသည်။ စက္ကန့် အနည်းငယ်အတွင်းမှာပင် ဟီရိုရှီးမားမြို့လည်ခေါင်လမ်းများပေါ်ရှိ ထောင်ချီ နေသောလူများမှာ ယင်းအပူ ဓါတ်ကြီးဖြင့်တောက်လောင်၍ မီသွေးတုံးအတိဖြစ်ကုန်တော့၏။
အချို့တော်တော်များများမှာမူ မီးလောင်ကျွမ်းရင်းလူးလှိမ့်အော်ဟစ်လျက်ရှိနေကြ၏။ ၄င်းနောက်မှ ပေါက်ကွဲသံကြီး ပေါ်လာပြီး ယင်းပေါက်ကွဲမှုနှင့်အတူ နံရံများ၊ အိမ်များ၊ စက်ရုံများနှင့်အခြား အဆောက်အဦများ အားလုံးပျောက်သွားကြ၏။ ဟီရိုရှီးမားကား လုံးဝရှိတော့မည်ဟုတ်ချေ။ ပထမဆုံး အနုမြူဗုံးသည် သူ့လုပ်ငန်းကိုဆောင်ရွက်လိုက် လေပြီဘယ်လောက် ကြောက်စရာကောင်းလိုက်သလဲ။ အနုမြူဗုံးအကြောင်း သိသလောက်ပြောပြတာပါနော်။ “KAIZEN” အကြောင်းပြန်ပြောကြ ရအောင်။
၁၉၄၅ခုနှစ် စက်တင်ဘာ ၂ ရက်နေ့မှာ ဂျပန်အစိုးရဟာ အမေရိကန်နဲ့ မဟာမိတ်တပ်တွေထံမှာ လက်နက်ချ အညံ့ခံ လိုက်ကြပါတယ်။ မရှေးမနှောင်းမှာပဲ ၆ နှစ်ကြာခဲ့တဲ့ ဒုတိယကမ္ဘာစစ်ကြီးဟာ ပြီးဆုံးသွားတယ်။ စစ်ရှုံးသွားတဲ့ ဂျပန်နိုင်ငံဟာ အမေရိကန်နိုင်ငံနဲ့ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ရပါတယ်။ စာချုပ်မှာပါတဲ့ အဓိကအချက်တွေက ဂျပန်နိုင်ငံဟာ စစ်အင်အားကြီးနိုင်ငံအဖြစ် ထူထောင်ခွင့်မရှိဘူး။ အမေရိကန်စစ်တပ်ဟာ ဂျပန်နိုင်ငံမှာ စခန်းချပြီး ဂျပန်နိုင်ငံရဲ့ လုံခြုံရေးကို တာဝန်ယူမယ် ဆိုတဲ့အချက်တွေပါဝင်ပါတယ်။
ဂျပန်အစိုးရဟာ မတတ်သာလို့ ဒီအချက်တွေကို သဘောတူလိုက်ရပေမဲ့ဒီစာချုပ်ကို အခွင့်အလမ်းတစ်ရပ်အဖြစ် အသုံးချလိုက်ပါတယ်။ (အဆိုးဆုံးအခြေအနေမှာတောင် အခွင့်အလမ်းကို ရအောင်ဖန်တီးယူနိုင်တဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်ဓါတ် ဟာ အံ့သြချီးကျူးစရာပါ။ ဒီလိုစိတ်ဓါတ်မျိုးတွေဟာ အတုယူထိုက်တဲ့ စိတ်ဓါတ်တွေပါ။) သူတို့ဟာ သဘောတူစာချုပ်အရ ဂျပန် စစ်တပ်ကြီးလဲ မထူထောင်ရဘူး။ နိုင်ငံ့လုံခြုံရေးကိုလဲ တာဝန်မယူရတော့ဘူး။ ဒါကြောင့် စစ်စရိတ်သုံးစရာမလိုတော့တဲ့အတွက် စီးပွားရေးကိုပဲ အာရုံစိုက်လုပ်လာကြပါတယ်။
မကြာခင်မှာပဲ ဂျပန်တွေဟာ “KAIZEN” လို့ခေါ်တဲ့ အတွေးအခေါ်တစ်ရပ်ကို တီထွင်လိုက်ကြတယ်။ “KAI” က “CHANGE” လို့ အဓိပ္ပါယ်ရပြီး “ZEN” က “GOOD” လို့အဓိပ္ပါယ်ရပါတယ်။ အပြည့်အစုံဆိုရင်တော့ Change for the better (ပိုကောင်းလာအောင် ပြုပြင်ခြင်း) ပေါ့။ ပြုပြင်တယ်ဆိုတာ အမူအကျင့်နဲ့ ဓလေ့စရိုက်တွေကို တဖြည်းဖြည်း ပြုပြင်လေ့ကျင့်ယူ တာကို ပြောတာပါ။ ဒါကို စဉ်ဆက်မပြတ် တိုးတက်အောင်ဆောင်ရွက်ခြင်း (Continuous Improvement) လို့ သုံးရင် အဓိပ္ပါယ် က ပိုပြီးပြည့်စုံသွားတာပေါ့။ ကိုယ်လုပ်နေတဲ့အလုပ်ကို တနေ့ထက်တနေ့ နည်းနည်းချင်း ပိုတိုးတက်အောင်လုပ်ရင် အချိန်ကြာလာတာနဲ့အမျှ ကိုယ့်အလုပ်မှာ ကြီးမားသော တိုးတက်ပြောင်းလဲမှုတွေဖြစ်လာမယ်ဆိုတဲ့ အယူအဆ အတွေးအခေါ် မျိုးပေါ့။
အစိုးရက ဒီအယူအဆလေးကို လူတွေသိလာအောင် သတင်းစာ၊ ရေဒီယို၊ တီဗွီတွေကနေ နေ့စဉ် ကြေငြာပေးတယ်။ စက်ရုံလုပ်ရုံတွေမှာလဲ မန်နေဂျာကစပြီး အောက်ဆုံးအဆင့် သန့်ရှင်းရေးဝန်ထမ်းအထိ သူတို့ရဲ့ရင်ထဲမှာ အဲ့ဒီအယူအဆကို စွဲမြဲ သွားအောင် လုပ်ဆောင်ခဲ့ကြတယ်။ အစိုးရက ဒါနဲ့တင်မရပ်သေးဘူး။ ကျောင်းတွေမှာလဲ မူလတန်း ကျောင်းသားလေးတွေကို “KAIZEN” အယူအဆကို လေ့ကျင့်ပေးတယ်။ ဆရာ၊ ဆရာမတွေက ကလေးတွေကို ဒီနေ့မှာ မနေ့ကထက်သာတဲ့ဟာ ဘာတွေ လုပ်ခဲ့သလဲလို့ နေ့တိုင်းမေးပါတယ်။ တဖြည်းဖြည်းနဲ့ ဒီကလေးတွေဟာ မနေ့ကထက် ဒီနေ့သာအောင်လုပ်ရမလဲ။ နေ့စဉ် ဘာ တိုးတက်အောင်လုပ်ရမလဲဆိုတာ စဉ်းစားတဲ့အကျင့် ဖြစ်လာကြတယ်။ နောက်ဆုံးတော့ တခုခုကို တိုးတက်အောင်မလုပ်မိတဲ့ နေ့ဆိုရင် သူတို့ ညအိပ်မပျော်တော့ဘူး။ သူတို့လေးတွေရဲ့စိတ်ထဲမှာ အချိန်တရက်ကို အလကားဖြုန်းမိသလို ခံစားမိလာကြ တယ်။
အဲ့ဒီကလေးတွေ ကျောင်းပြီးလို့ လုပ်ငန်းခွင်လဲဝင်ရော “KAIZEN” အကျင့်က စွဲနေပြီ။ လုပ်ငန်းခွင်ထဲမှာလဲ နေ့စဉ် ဘာတိုးတက်အောင်လုပ်ရမလဲဆိုတာ အမြဲရှာဖွေတတ်လာတယ်။ တနေ့နည်းနည်းချင်းစီ ပိုပြီးတိုးတက်အောင်လုပ်ကြတယ်။ တဖြည်းဖြည်းနဲ့ ဂျပန်တနိုင်ငံလုံးကလူတွေဟာ “KAIZEN” အတွေးအခေါ်ကို အားလုံးကျင့်သုံးနေကြပြီ။ သူတို့ဦးနှောက်တွေထဲ ကို ထည့်ပေးလိုက်တဲ့ ဒီအယူအဆလေးဟာ သူတို့နှလုံးသားထဲအထိ စွဲဝင်သွားပြီ။ ဒုတိယကမ္ဘာစစ်ကြီးကစပြီး ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ပစ္စည်းတွေဟာ ဈေးပေါတယ်။ ဒါပေမဲ့ အရည်အသွေး Quality ညံ့ဖျင်းတယ်။ ကြာကြာအသုံးမခံဘူးလို့ ကမ္ဘာမှာကျော်ကြားတယ်။
ဒါပေမဲ့ “KAIZEN” ကြောင့် ဂျပန်ထုတ်ပစ္စည်းတွေဟာအဖြည်းဖြည်း အရည်အသွေးမြင့်တက်လာခဲ့ တယ်။ အမေရိကန်၊ အင်္ဂလန်ကထုတ်တဲ့ပစ္စည်းတွေနဲ့ တန်းတူလိုက်လာနိုင်ငံတယ်။ ဈေးကျတော့လဲ အနောက်နိုင်ငံထုတ် ပစ္စည်းတွေထက်သက်သာလို့ တကမ္ဘာလုံးက ဂျပန်ပစ္စည်းတွေပဲ ဝယ်သုံးလာကြတယ်။ နောက်ဆုံးမှာ အမေရိကန်၊ ဥရောပနိုင်ငံ တွေကပါ သူတို့နိုင်ငံကထုတ်တဲ့ပစ္စည်းတွေ မော်တော်ကားတွေကို မဝယ်တော့ပဲ ဈေးသက်သာပြီး အရည်အသွေးမြင့်တဲ့ ဂျပန် ကားတွေကို သုံးလာကြတယ်။ နောက်ပိုင်းမှာ ဂျပန်ပစ္စည်းဆိုရင် ကမ္ဘာမှာ Top Quality အကောင်းဆုံးပဲ၊ အရည်အသွေးအမြင့် ဆုံးပဲလို့ တကမ္ဘာလုံးက လက်ခံလာကြတယ်။
ဂျပန်နိုင်ငံဟာ စစ်ရှုံးပြီးနောက် ပြာပုံကြားကနေ ကမ္ဘာကအံ့သြရလောက်အောင် ခေါင်းပြန်ထောင်လာနိုင်ခဲ့တယ်။ အဲ့ဒီ “KAIZEN” ကို ဘယ်လိုအသုံးချရမလဲ။ လုပ်ငန်းခွင်မှာ ဘယ်လိုစနစ်တကျသုံးရမလဲ။ ကလေးတွေရဲ့နှလုံးသားထဲကို “KAIZEN” စိတ်ဓါတ်တွေ ဘယ်လိုသွင်းပေးရမလဲ ဆိုတာ လေ့လာပါ။ စမ်းစစ်ပါ။ စဉ်းစားတွေးခေါ်ပါ။ ပြီးတော့ အစီအစဉ်ချမှတ်ပြီး လက်တွေ့ဆောင်ရွက်ပါ။ သူများအကူအညီကို ထိုင်မျှော်နေမဲ့အစား ကိုယ့်အရည်အချင်းကို ကိုယ်တိုင်မြှင့်တင်ပြီး ကိုယ်ကိုယ်တိုင်ကစလို့ ကိုယ့်သားသမီး၊ ကိုယ့်မိသားစု၊ ကိုယ့်လုပ်ငန်း၊ နောက်ဆုံး ကိုယ့်နိုင်ငံကို တိုးတက်အောင် လုပ်ပေးနိုင်မှ လူတစ်ယောက်ရဲ့တာဝန်၊ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်တွေ ကျေပွန်နိုင်မှာပါ။
အလုပ်ထဲမှာ အသုံးပြုနေတဲ့စနစ်တွေကို လုပ်ဖော်ကိုင်ဖက် မြန်မာဝန်ထမ်းတွေ နားလည်အောင် ရှာဖွေစုဆောင်းပေး ထားတာလေးကို ဘလော့လေးမှာ လာရောက်သိမ်းဆည်းထားခြင်းသာ ဖြစ်ပါသည်။
လေးစားစွာဖြင့်

နန်းရွှေမှုံ

No comments:

Post a Comment