Wednesday, September 9, 2015

ခံပြင်းမှုများ။

ထိုင်းနိုင်ငံမှာရောက်လာကြတဲ့သူတွေတော်တော်များများမှာ ခဏခဏကြားရတဲ့စကားက ထိုင်းစကားတတ်ကြတဲ့ မြန်မာစကားပြန်တွေအကြောင်းပဲ။

“အလုပ်ရှင်သူဋ္ဌေး၊ ကိုယ့်အလုပ်ထဲက ကြီးကြပ်ရေးမှူး၊ မန်နေဂျာတွေထက် စကားပြန်ဆိုတာတွေကို ပိုပြီးကြောက်နေရတယ်” လို့လည်း ပြောသံတွေကြားဖူးတယ်။

အားလုံးကို မဆိုလိုပါဘူး။ ထိုင်းနိုင်ငံမှာနေပြီး ထိုင်းစကားတတ်တာဟာ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ မောက်မာဖို့ ကိုယ့်လူမျိုးအချင်းချင်း ခေါင်းပုံဖြတ်၊ ဂုတ်သွေးစုပ်၊ အော်ဟစ်ဆဲဆို၊ ချောက်ချဖို့မဟုတ်ပါဘူး။ ထိုင်းစကားတတ်တာဟာ အော်ဟစ်ခွင့်လိုင်စင်ရသွားတာမျိုးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဒါပေမဲ့ပေါ့လေ။

နန်း ထိုင်းနိုင်ငံရောက်တာ ၂ နှစ်ကျော် ၃ နှစ်နီးပါးရှိပါပြီ။ တခြားအကြောင်းအရာတွေ မပြောတတ်ရင်တောင် အလုပ်နဲ့ပတ်သက်တာတွေ၊ ကိုယ်နေမကောင်းဖြစ်နေချိန်မှာပြောရမဲ့စကားတွေ၊ ကိုယ့်လိုအပ်ချက်နဲ့ တောင်းဆိုသင့်တဲ့အရာတွေကို တောင်းဆိုဖို့တော့ ပြောတတ်နေပြီ။ စာတွေလည်း ဖတ်တတ်နေပြီ။ ဘတ်(စ်)ကားမှာရေးထားတဲ့ မှတ်တိုင်နာမည်တွေကိုဖတ်ပြီး သွားချင်တဲ့နေရာကို ကားမမှားအောင်စီးတတ်နေပြီ။ လမ်းညွှန်ဆိုင်းဘုတ်တွေကို ဖတ်တတ်နေပြီ။ ရောက်ခါစတုန်းက စက်ရုံမှာရှိတဲ့ စကားပြန်က တော်တော်လေး စိတ်ကောင်းရှိတယ်။ ကိုယ်ပြောတဲ့စကားက ထိုင်းတွေအတွက် အဆင်မပြေတဲ့ စကားမျိုးဖြစ်နေရင်တောင် အဆင်ပြေအောင် အဓိပ္ပါယ်မလွဲစေမဲ့စကားတွေနဲ့ ပြင်ပြောပေးတယ်။ ကိုယ့်ကို လူကြီးက အမြင်မစောင်းတော့ဘူးပေါ့။ ကိုယ်တွေက အလုပ်သမားအနေနဲ့ လာကြတာမို့လား။

မြန်မာတွေအတွက် အခွင့်အရေးတွေကိုလည်း ရဲရဲရင့်ရင့်ပဲ တောင်းဆိုပေးတယ်။ ကိုယ်တွေမှား နေရင်လဲ ညီမတို့ မြန်မာတွေကို သူများပြောမှာမခံနိုင်လို့ ညီမက အရင်ဆုံး သတိလာပေးတာပါနော်။ အမတို့က ရောက်ခါစဆိုတော့ ဘာမှသိမှာမဟုတ်ဘူး။ ဒီလို ဒီလိုတော့မဖြစ်သင့်ဘူး။ ဒီလိုလုပ်ပါ။ ဆိုပြီး သူက ကောင်းကောင်းမွန်မွန်နဲ့ပြောပြတယ်။ အဲ့ဒီကောင်မလေးက အလုပ်ထွက်သွားတော့ နောက်ပိုင်း ကိုယ့်ဌာနမှာ ထိုင်းစကားတတ်တဲ့မြန်မာတွေက ကြုံသလို ဘာသာပြန်ပေးကြတယ်။ ပြဿနာက အဲ့ဒီမှာ စတော့တာပဲ။ “အရင်စကားပြန်တုန်းက စကားပြန်လစာရတယ်။ သူတို့ကြတော့ စကားပြန်လစာ မရပဲ စကားပြန်လုပ်ပေးနေရ တယ်။”တဲ့။ အရင်တစ်ယောက်တုန်းကလဲ သူ့ကို စကားပြန်လစာတန်းပေးထားတာမဟုတ်ပါဘူး။ သူတတ်မှန်းသိလို့ သူ စေတနာထားပြီး လုပ်ပေးမှန်းသိလို့ အားလုံးက ထောက်ခံပြီး သူ့ကို စကားပြန်လစာပေးတာပါ။ သူတို့တွေသာ ခုချိန်မှာ တကယ်စေတနာထားပြီး လုပ်ပေးရင် စကားပြန်လစာဆိုတာ ရလာမှာပဲလေ။ ဟုတ်တယ်မို့လား။ နန်းသာ သူတို့လောက်ထိုင်းစကားတတ်ရင် ဒါဟာ သေချာလုပ်စရာမလိုပဲ အလိုလိုရနေတဲ့ ကုသိုလ်လို့ မှတ်ပြီး ကူညီမှာပဲ။ ထားလိုက်တော့ ဒါက နန်းရဲ့ တဖက်သက်အမြင်ကိုပြောပြတာ။

နန်းရဲ့ကိုယ်ပိုင်အမြင်အရပြောမယ်ဆိုရင် နောက်ပိုင်း စကားပြန်တွေ အဆင်မပြေဖြစ်လာတော့ ဒေါသလဲထွက်တယ်။ ကိုယ်တိုင်သာပြောတတ်လာရင် ဘယ်စကားပြန်မှမလိုဘူး ကိုယ်တိုင်တိုက်ရိုက်ပြောရုံပဲ လို့တွေးမိလာတယ်။ အဲ့ဒါနဲ့ ထိုင်းစာနဲ့ ထိုင်းစကားကို ရအောင်ကြိုးစားပြီးသင်တယ်။ မြန်မာနိုင်ငံမှာ အင်္ဂလိပ်စကားပြောသင်တန်းတက်ရင်တောင် အင်္ဂလိပ်စကားပြောမဲ့အဖော်ကို ရှာနေရအုံးမယ်။ ထိုင်းနိုင်ငံမှာ ထိုင်းစကားသင်လို့ ထိုင်းစကားပြောမဲ့အဖော်ကို ထွေထွေထူးထူးရှာနေစရာမလိုဘူး။ နေးတစ်စပီကာတွေနဲ့ တိုက်ရိုက်လေ့ကျင့်လို့ရတယ်။ သူတို့စကားကို ကြိုးစားသင်နေမှန်းသိရင် သင်ပေးချင်ကြတဲ့သူတွေကြီးပဲ။ မေးသမျှကိုလဲ စိတ်ရှည်လက်ရှည်ဖြေပေးကြတယ်။ မြန်မာနိုင်ငံကိုလာတဲ့ တိုးရစ်တစ်ယောက်က ဒါကိုမြန်မာလိုဘယ်လိုခေါ်လဲလို့မေးရင် စိတ်ပါလက်ပါနဲ့ သူ့ကို အခေါက်ခေါက်အခါခါ ပြောပြပေးကြသလိုပဲပေါ့။ စကားပြန်တွေကို ဂရုစိုက်စရာမလိုအောင် ထိုင်းစကားသင်ကြ ပါဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဈေးကြီးတယ်တို့၊ အချိန်မပေးနိုင်ဘူးတို့၊ ဦးနှောက်က အဲ့လောက်မကောင်း တော့ဘူးတို့ ဆင်ခြေ၊ ဆင်လက်၊ ဆင်နားရွက်နဲ့ ဆင်ကောင်ကြီး ရွက်ထားကြတယ်။ ခုနောက်ပိုင်း ဘာဖြစ်လာ သလဲဆိုတော့ နေမကောင်းရင်တောင် ဆေးသွားမတောင်းရဲကြဘူး။ စကားပြန်ကတဆင့်ပြောခိုင်းရင်လဲ စကား ပြန်ကပြန်အော်ပြန်ငေါက်တာတွေကြောင့် ပြောလာတဲ့စကားက “သေချင်လဲသေပါစေတော့ သူ့ဆီတော့ သွားမ တောင်းချင်ဘူးတဲ့။” ကောင်းကြသေးရဲ့လား။ နန်းတို့စက်ရုံကလည်း အလုပ်ချိန်ဆိုရင် ကိုယ့်ဌာနကနေ တခြားဌာနကို သွားခွင့်မရှိဘူး။ နေ့လည်ထမင်းစားချိန်တော့ သွားလို့ရပါတယ်။ အမှန်ဆို ဒီတစ်ယောက်မကောင်းရင် နောက်တစ်ယောက်ကို ပြောခိုင်းရမယ်မို့လား။ အဲ့လိုလဲ လာဘ်မမြင်ကြဘူး။ နန်းကလည်း နန်းတို့ဌာနမှာ နန်းတစ်ယောက်ပဲမြန်မာရှိတယ် ဆိုတော့ သူတို့နဲ့က မတွေ့ဖြစ်ဘူး။ ထမင်းစားနားချိန်ပဲတွေ့ရတယ်။ မြန်မာအများဆုံးရှိတဲ့ ဌာနက စကားပြန်က ဆိုးနေတာဆိုတော့လည်း တော်တော်ခက်တယ်။

ဒီနေ့ နေ့လည်ထင်းစားချိန် ကောင်မလေးတစ်ယောက် လက်ညှိုးမှာ ပတ်တီးနဲ့ တွေ့လိုက်တော့စိတ်ပူပြီးမေးလိုက်မိတယ်။
“လက်က ဘာဖြစ်တာလဲ။”
“လက်ကျိုးသွားတာလို့ပြောတာပဲ အမ။ ဓါတ်မှန်ရိုက်ပြီးပြီ။”
“စက်ရုံမှာဖြစ်တာလား။ အိမ်မှာဖြစ်တာလား။ ဖြစ်တာကြာပြီလား။” လို့ စိတ်ပူပြီး မေးခွန်းတွေအများကြီး မေးလိုက်မိတယ်။
“စက်ရုံမှာဖြစ်တာ။ စက်ထဲပါသွားတာ။ ဖြစ်တာကတော့ကြာပါပြီအမရယ်။ ဒါပေမဲ့ ဘာမှမဖြစ်လောက်ဘူး ထင်ပြီး ပရုတ်ဆီပဲလိမ်း တာ။ နောက်ပိုင်း လက်ကြီးညိုပုပ်ပြီး ရောင်လာမှ စက်ရုံက ဆေးခန်းကို သွားပြတော့ ဆေးရုံလိုက်ပို့ကြတာ။”
“ဖြစ်ဖြစ်ချင်းတုန်းက ဘာလို့မပြတာလဲ။ နောက်ကျမှပြတော့ စက်ရုံက ဆေးဖိုးမပေးရင်ဘယ်လိုလုပ်မလဲ။”
“ညီမတို့စကားပြန်က တစ်ခုခုဖြစ်လို့သွားပြောရင် သူကသွားပြောမပေးပဲ ပြန်ပြန်ဟောက်နေတာနဲ့ မပြောချင်လို့ မပြောတော့တာ။ ခုလဲ ဆေးဖို့မကုန်ပါဘူး။ လစာထဲက ပြန်ဖြတ်မယ်လို့တော့ပြောတယ်။”

“ဟ … ကိုယ်နေမကောင်းတာကိုတော့ ပြောရမှာပေါ့။ အလုပ်နဲ့ပတ်သက်တာတွေရော ဘယ်လိုပြောနေကြလဲ။”
“ဒီလိုပါပဲအမရယ်။ ကောင်မလေးတစ်ယောက် ချောင်းတွေတအားဆိုးလို့ အလုပ်ထဲမှာ အဲယားကွန်းက အေးတော့ပိုဆိုးလာတာနဲ့ ဆေးသွားတောင်းခိုင်းတာကို စကားပြန်က နင်တို့တွေပဲ တစ်ခုပြီး တစ်ခု ဖြစ်နေကြတယ်။ ဘာညာနဲ့ ပြောတာကြားဖူးတယ်။ တော်တော်များများလဲ ဘာဖြစ်ဖြစ် သူ့ဆီမသွားကြဘူး။ ကိုယ့်မြန်မာအချင်းချင်းပဲ ရအောင်ဖြေရှင်းလိုက်ကြတယ်။”

“အယ် … သူကရော မြန်မာမဟုတ်ဘူးလား။ တိုင်စာထည့်လို့ရတာပဲ ထည့်ပေါ့။”
“ညီမမှ စာမရေးတတ်တာအမရယ်”
“ ဒါဆို အမရေးပေးမယ်။ ထည့်မလား” ဆိုတော့ ပြုံးနေတယ်။
  
“ညီမက အရင်တုန်းက ရန်ကုန်မှာ အိမ်ဖော်လုပ်တာ တစ်လကို သုံးသောင်းပဲရတယ်။ အိမ်ဖော်အလုပ်ရဖို့ ပွဲစားက အိမ်ရှင်ဆီက ငါးလစာ ကြိုထုတ်သွားသေးတယ်။ ညီမအမက မော်လမြိုင်မှာလုပ်တာ။ သူလဲ သုံးသောင်းပဲရတယ်။ ဒါတောင် ကြက်ဥတစ်လုံးကွဲရင် ကြက်ဥတစ်လုံးဖိုး လစာထဲကဖြတ်သေးတာ။ ဒီမှာက တစ်ယောက်ကို သုံးသိန်းနီးပါးရတယ်။ခုဘတ်ဈေးနဲ့ဆိုရင် သုံးသိန်းတောင်ကျော်သေးတယ်။ ညီအမနှစ်ယောက်ဆိုတော့ အများကြီးသာတယ်။ အမေတို့ကိုလဲ ပိုက်ဆံတွေအများကြီးပို့နိုင်တယ်လေ။ ဒါကြောင့် ကျမတို့ ပြဿနာဖြစ်ပြီး မြန်မာပြည်ပြန်ရမှာကြောက်တယ်။ ပိုက်ဆံတွေအများကြီးရမှ ပြန်ချင်တယ်။ ဒါကြောင့် ကျမတို့ သည်းခံနိုင်ပါတယ်တဲ့။”
နန်းလဲ ဘာဆက်ပြောရမှန်းမသိတော့ဘူး။ ဒါကို မြန်မာတွေရဲ့ ရောင့်ရဲနိုင်တဲ့စိတ်ဓါတ်လို့ခေါ်ရမှာလား။ ဒါတွေဟာ ကောင်းတဲ့အရာတွေတော့ မဟုတ်ဘူးလို့ နန်းတော့ ထင်တာပဲ။ ငယ်ငယ်ကကြည့်ဖူးတဲ့ မြန်မာတော်လှန်ရေးကားတွေထဲက စကားပြန်တွေလောက်တော့ မဆိုးသေးပါဘူးလေလို့ ကိုယ့်ကိုယ်ကိုယ်ဖြေသိမ့်ရမှာလား။ မြန်မာဆိုတာ အခွင့်အရေးရရင်ရသလို့ ကိုယ့်လူမျိုးအချင်းချင်းလဲ ဂုတ်သွေးစုပ်တတ်ကြပြီး အားနည်းရင်လည်း အားနည်းသလို ခေါင်းငုံ့ခံတတ်ကြတယ်ဆိုတာ ခုမှရှိတာမဟုတ်ပါဘူးလေ ဟိုးဂျပန်ခေတ်ကတည်းက ရှိတာပါလို့ပဲ ဖြေသိမ့်ရမှာလား။ ကြားထဲက ဝင်ပြီး စိတ်တိုမိတဲ့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရတော့မလား။ ဘယ်သူ့ကိုအပြစ်တင်ရမှန်းလဲ မသိတော့ဘူး။

မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ မေတ္တာသုတ်တော်လာ မေတ္တာပို့နည်းထဲက …
“လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။”
“အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။”
“ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ”
ဆင်းရဲလိုခြင်းဆိုတဲ့အထဲမှာ ဒါမျိုးကိစ္စတွေပါမယ်ထင်တယ်။ သူတပါးကို ကိုယ့်ကြောင့် ချမ်းသာသွားမှာထက် ဆင်းရဲသွားဖို့ကို ပိုလိုလားတယ်ဆိုတဲ့သဘောပေါ့။ တို့မြန်မာတွေကြားမှာ အဲ့လိုစိတ်ထားမျိုးတွေ ကင်းရှင်းဖို့ မေတ္တာများများပို့ရမယ်။
လေးစားစွာဖြင့်

နန်းရွှေမှုံ။

1 comment:

  1. နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုရှိတဲ့ စက်ရုံအတော်များများမှာ ခေါင်းစဉ်အမျိုးမျိုးနဲ့ ကြုံတွေ့ရတဲ့ အကြောင်းအရာတွေပေါ့ နန်းရေ။ အလားတူဖြစ်ရပ်မျိုးလေးတွေမှာ အဓိကကျတဲ့ စကားပြန်တွေအပေါ် အုပ်ချုပ်နေတဲ့ စီမံခန့်ခွဲရေးအပိုင်းပေါ်လဲ မူတည်တယ်လို့ ထင်မြင်ယူဆမိတယ်။

    ReplyDelete