ငရှုပ်ကလေး
ကိုကို့အလုပ်သစ်အတွက် အင်္ကျီအဖြူသွားဝယ်ပေးရင်း
ယုန်လေးတွေ့လို့ဝယ်လာတယ်။ ဘတ် ၁၂၀ ပေးရတယ်။ ကန်ဒီ့ယုန်လေးတွေကိုကြည့်ပြီး ယုန်လေးလိုချင်နေတာ
တွေ့တာနဲ့အတော်ပဲဖြစ်သွားတယ်။ အမှန်က အမဲရောင်လေးကို ချစ်တာ ခုဝယ်လာတဲ့အကောင်လေးကလည်း
အဖြူနဲ့အညို စပ်ကြားလေးဆိုတော့ ချစ်စရာကောင်းပါတယ်။ ဘယ်အရာမဆို အဖြူရောင်ကြိုက်တတ်တဲ့နန်းက
တိရစ္ဆာန်ကလေးတွေကိုတော့ အမဲရောင်ပဲကြိုက်တယ်။ ငယ်ငယ်ကတည်းက ခွေးမွေးရင် အမဲရောင်ပဲမွေးတယ်။
အမဲတစ်ကောင်သေသွားရင် နောက်အမဲတစ်ကောင်ထပ်မွေးတယ်။ ကြောင်တော့ မချစ်ဘူး။ ခုလည်း မျက်စိနီနီနဲ့
ယုန်ဖြူဖြူလေးကို မချစ်ပဲ မီးခိုးရောင်မျက်လုံးလေးနဲ့ ယုန်စပ်ကြားလေးကို သဘောကျပြီးဝယ်ခဲ့တယ်။
တစ်ကောင်ထဲပျင်းနေမှာစိုးလို့ နောက်တစ်ပတ်ကျရင် အမဲရောင်လေးသွားဝယ်အုံးမယ်။
နန်းကတော့ ကန်ဒီ့လို ယုန်ထားတဲ့အိမ်ကလေးတွေနဲ့
မထားနိုင်ပါဘူး။ ဈေးကြီးလို့ မဝယ်နိုင်တာလဲပါတယ်။ အိမ်လေးထဲမှာပဲ နေရမှာကို သနားတာလဲပါတယ်။
အိမ်ရောက်တာနဲ့ ကြောင်ကလေး၊ ခွေးကလေးတွေလို အိမ်ထဲမှာ ဒီအတိုင်း လွှတ်ထားလိုက်တယ်။ အိမ်ရောက်တာနဲ့
တစ်အိမ်လုံးလျှောက်ပြေးနေတာ နှံ့နေတာပဲ။ ယုန်ကလေးပြေးတာ ခုန်ဆွခုန်ဆွနဲ့ ချစ်ဖို့ကောင်းတယ်။
အစာခြောက်လည်းဝယ်လာပေမဲ့ အစာခြောက်နဲ့ရေပဲစားရမှာကိုသနားလို့ အစာစိမ်းတွေကို ခြင်းလေးနဲ့
ထည့်ကျွေးထား လိုက်တယ်။ အပြင်သွားရင်လည်း ခြင်းကလေးနဲ့ ထည့်ပြီးခေါ်သွားတယ်။းP ခက်တာက
ယုန်ကလေးက မြန်မာစကားနားမလည်ဘူး။ ကန်ဒီတော့ သူ့ယုန်လေးတွေကို ဘာစကားနဲ့ပြောလဲမသိဘူး။
နန်းရဲ့ယုန်လေးက “ခလေးရေ လာ လာ” ဆိုရင်မလာပဲ။ ထိုင်းလိုခေါ်မှလာတယ်။း) သူ့ကို မြန်မာလို့များများပြောပေးရမယ်။
ဒါမှသူနားလည်လာမှာ။း)
ယုန်ကလေးက အထီးလားအမလားလို့
နန်းတို့နှစ်ယောက် အတင်းဖြဲရဲ ရှာကြတာတောင် အထီးလားအမလား သေချာမသိဘူး။ ဟားဟား။ ကိုကိုကတော့
အထီးဆိုရင်တော့ သိသာပါတယ်တဲ့။ သူက ထင်ရှားတဲ့အရာမတွေ့ဘူးဆိုတော့ အမပဲဖြစ်မယ်တဲ့။ ဟဟ။
အဲ့ဒါနဲ့ သူ့ကို သဲသဲလို့နာမည်ပေးလိုက်တယ်။ နောက်တစ်ကောင်ဝယ်ရင် အထီးဝယ်မယ်။ သူ့ကိုတော့
ကဲကဲလို့နာမည်ပေးရမယ်။ ဒါမှ ကဲကဲနဲ့ သဲသဲပေါ့လို့ ဆိုတော့ အရူးတဲ့။ >.< ယုန်လေးကို
“ခလေး” လို့ခေါ်တာများပါတယ်။ သူငယ်ချင်းကတော့ ယုန်က တစ်အားပွားတယ်တဲ့။ တစ်ခါတစ်ခါ သားပေါက်ရင်
အများကြီးပေါက်တာတဲ့။ သူတို့အိမ်မှာဆို ယုန်တွေအတွက် အိမ်တစ်လုံးသက်သက်ဆောက် ပေးထားရတယ်တဲ့။
ဟုတ်မှာပဲ ဂူဂဲလ်မှာလိုက်ဖတ်ကြည့်လိုက်တော့ ယုန်လေးတွေက တစ်နှစ်ကို ၂-၃ ခါပေါက်ပြီး
တစ်ခါပေါက်ရင် ၄-၆ ကောင်လောက် ပေါက်သတဲ့။ ယုန်မွေးပြီးရောင်းစားတဲ့လူတွေ တွက်ချေကိုက်မှာပဲ။
ယုန်လေးတွေက သူတို့အညစ်အကြေးသူတို့ ပြန်စားတယ်တဲ့။ ဒုတိယအကြိမ်စွန့်တဲ့ အညစ်အကြေးကိုတော့
မစားတော့ဘူးတဲ့။ နန်းဆိုရင် ကိုယ်တိုင်လည်း အသီးအရွက်သမားဆိုတော့ ကိုယ်စားတာပဲ သူ့ကိုကျွေးတယ်။
သဲသဲက နံနံပင်ကြိုက်တယ်။ မုန့်ဟင်းခါးနဲ့စားဖို့ဝယ်လာတဲ့ နံနံပင်နဲ့ ပဲတောင့်တွေ ဗန်းနဲ့ထည့်ထားတာကို
သူလာလာစားလို့ တဝက်ပဲကျန်တော့တယ်။ ငှက်ပျောသီးကြိုက်တယ်။ ဂေါ်ဖီကြိုက်တယ်။ မုန်လာဥနီလည်း
အရမ်းစားတယ်။ မုန်လာဥဖြူနဲ့ သခွားသီးတော့မစားဘူး။
သဲသဲရှိလာတော့ ထမင်းကို
စားပွဲနဲ့ပဲစားရတော့တယ်။ အပျင်းကြီးပြီး အိမ်ရှေ့မှာ တီဗွီကြည့်ရင်း ကြမ်းပေါ်ချစားရင်
ဗန်းထဲက တို့စရာအရွက်တွေအကုန် သူဝင်စားတယ်။ ကြောင်လေးတွေ၊ ခွေးလေးတွေလိုပဲ လူတွေထမင်းစားနေရင်
အနားနားမှာလာပြီး နှာခေါင်းလေးရှုံ့ပွရှုံ့ပွနဲ့ ဝင်ဝင်ရှုပ်တယ်။ သူ့ခြင်းလေးထဲမှာလည်း
နန်းတို့စားနေတဲ့အရွက်တွေ ထည့်ပေးထားတာပဲကို သွားမစားပဲ သက်သက်လာရှုပ်တာ။ “ခလေးရယ် ထမင်းစားနေတာကို
ရှုပ်လိုက်တာကွာ” လို့ပြောရင်ဂရုမစိုက်ပေမဲ့ “ဝေးဝေးသွားနေနော်ခလေး” “မမတို့ထမင်းစားနေတယ်နော်။”
လို့ ထိုင်းလိုပြောရင်တော့ ထွက်သွားပြီး ကြောင်လေးတွေလို ကုတ်ကုတ်လေးဝပ်လို့ မျက်လုံးလေးပြူးပြီး
စိုက်ကြည့်နေတယ်။ အဲ့တော့ ဒီက သနား လာရော။ အဲ့ဒါကြောင့် စားပွဲနဲ့ပဲ ထမင်းစားတော့တယ်။
ဒါတောင် ခြေထောက်နားမှာ ဟိုလိုလိုဒီလိုလိုနဲ့ လာရစ်နေသေးတာ။
နောက်တစ်ကောင်ဝယ်ရင်
မီးခိုးရောင်မျက်လုံးလေးနဲ့ အမဲရောင်လေးပဲ ဝယ်မှာပါ။ အထီးတွေအမတွေစဉ်းစား မနေပါဘူး။
အထီးဖြစ်ဖြစ်အမဖြစ်ဖြစ်ပေါ့ နော့်။ သဲသဲအတွက် အပေါ့အလေးသွားဖို့တွေလည်း သေချာလုပ်ပေးမနေတော့
ပါဘူး။ အလေးကတော့ စားတဲ့နေရာမှာပဲသွားတယ်။ အပေါ့က အဝတ်စင်အောက်က မှောင်ရိပ်ကျတဲ့နေရာလေးမှာပဲ
သွားတယ်ဆိုတော့ အဲ့နေရာလေးမှာ ကိုကို့ဂျင်းဘောင်းဘီအောက်နားဖြတ်ထားတဲ့ အစလေး ခင်းပေးထားလိုက်တယ်။
ဂျင်းဘောင်းဘီစဆိုတော့ ရေစုပ်တယ်လေ။ သူလည်း အဲ့အဝတ်ပေါ်မှာပဲ အပေါ့သွားတယ်။ တစ်ခုလျှော်
နောက်တစ်ခု ထပ်ခင်းပေါ့။ အရှေ့က စားရင်း အနောက်က ထွက်ရင်းဆိုတော့ အစာကျွေးတဲ့နေရာကို
တစ်နေရာထဲမှာပဲ သီးသန့်လုပ်ထားလိုက်တယ်။ တခြားနေရာတွေမှာ ကြုံသလိုမကျွေးဘူး။ လမ်းလျှောက်ရင်တော့သတိထားရတယ်။
နောက်ကနေ တကောက်ကောက်လျှောက်လိုက်လိုလိုက်။ ရှေ့ကလျှောက်ပြေးလိုပြေးဆိုတော့ တက်နင်းမိမှာစိုးလို့။
ညအိပ်ရင်လည်း အိပ်ယာထဲမှာခေါ်သိပ်တယ်။
နားရွက်လေးတွေက သွေးကြောရဲရဲလေးတွေမြင်နေရတာဆိုတော့ ခြင်ကိုက်မှာစိုးလို့။ ခြင်ထောင်ထဲမှာ
ခြေရင်းနားလေးမှာ ခြင်းကလေးနဲ့ မဝတ်တော့တဲ့အင်္ကျီတစ်ထည်ခေါက်ပြီး ခင်းပေးထားလိုက်တယ်။
အဲ့ထဲမှာဝင်အိပ်တယ်လေ။ ယုန်ကလေးအတွက် အကုန်အကျတွေ တအားများတယ်။ ဟဲဟဲ။ အစာကျွေးတဲ့ခြင်းက
ဒီမှာ မုန့်တီဖတ်ဝယ်ရင် ခြင်းကလေးနဲ့လာတာ။ မုန့်တီဖတ်ကိုစားပြီး ခြင်းကလေးတွေကို သိမ်းထားတာ
အသုပ်တွေဘာတွေစားရင် ကြက်သွန်ဖြူ၊ ငရုပ်သီးစိမ်းထည့်စားရအောင်လို့လေ။ ခုတော့ ယုန်လေးကို
မုန့်တီခြင်းကလေး တွေနဲ့ အစာထည့်ကျွေးတယ်။ အိပ်တဲ့ခြင်းကတော့ ၂၀ တန်ဆိုင်က အဝတ်ပေထည့်ဖို့ဝယ်လာတဲ့ခြင်းဝိုင်းကလေး။
:P ရေကိုတော့ အချိုရည်ဗူးကို အဖုံးမှာ အပေါက်လေးဖောက်ပြီး တစောင်းလေးလှဲထားပေးတယ်။
သူလျှာလေးနဲ့ လျက်လိုက်မှ ရေကထွက်လာတာလေ။ အချိုရည်ဗူးအဖုံးကို အပေါက်ဖောက်ပြီး ကော်ပတ်နဲ့ပြန်တိုက်ရသေးတယ်။
တော်ကြ သူ့လျှာလေး ရှ သွားမှာစိုးလို့။ နောက်တစ်ပတ်ကျရင်တော့ ရေဗူးလေးဝယ်လာပေးလိုက်ပါမယ်လေ။
အလုပ်သွားတဲ့အချိန်
သူ့ကို အိမ်(အခန်း)ထဲမှာ ဒီအတိုင်း လွှတ်ပေးထားခဲ့တယ်။ အစားအသောက်တွေတော့ အများ ကြီးထားပေးရတယ်။
တနေကုန်ဆိုတော့ တော်ကြာ ဗိုက်ဆာနေမှာစိုးလို့။ ညနေပြန်ရင် တံခါးဖွင့်တာနဲ့ ပြေးလာတော့တာပဲ။
နောက်တစ်ပတ်ကျရင် စာရင်းစစ်ဝင်မှာမို့ အလုပ်များ စိတ်ရှုပ်နေတဲ့ကြားက စိတ်ကြည်သွားအောင်
သဲသဲအကြောင်းရေး လိုက်တာ။ နောက်တပတ် ကဲကဲရောက်လာမှ ဆက်ရေးမယ်နော်။ တာ့တာ။ “ချို့(ခ်)ဒီခါ့”
“โชคดีค่ะ”ပြောင်းပြန်မတွေးနဲ့နော်။ “ကံကောင်းပါစေရှင်” လို့ ထိုင်းလို
နှုတ်ဆက်တာ။ :P
အေးချမ်းပါစေ။
နန်းရွှေမှုံ။
No comments:
Post a Comment