Saturday, September 20, 2014

သင်္ဘောသီးထောင်းပြိုင်ပွဲ။

ဒီနေ့ စက်ရုံမှာ ဝန်ထမ်းတွေကို ပျော်ပွဲရွှင်ပွဲအနေနဲ့ သင်္ဘောသီးထောင်းပြိုင်ပွဲလုပ်ပေးတယ်။ စက်ရုံက ကင်မရာနဲ့ရိုက်ထားတဲ့ပုံတွေပါ။ အမှတ်တရပေါ့။

 အခန်းအနားပြင်ဆင်နေတယ်။



ဆံပင်ကောက်ကောက်ကလေးနဲ့ နန်းတို့ ISO က မန်နေဂျာ။
ပြိုင်ပွဲဝင်မဲ့အဖွဲ့တွေလေ။ 




အပီအပြင်ထောင်းမှာနော်း))


ဒီလိုဒီလိုက ကြသေးတယ်။

က နေတဲ့မြန်မာနဲ့ အားပေးနေတဲ့မြန်မာတွေပေါ့။

သင်္ဘောသီးထောင်းရပါပြီ။




ဒိုင်အဖွဲ့တွေနဲ့ အားပေးကြတဲ့ ဝန်ထမ်းတွေ။



အရသာရှိတဲ့ပန်းကန်ဘေးမှာ အလံလေးစိုက်ခဲ့ကြတယ်။ ပန်းကန်အောက်မှာ ကိုယ့်အဖွဲ့နာမည်ရေးပြီး မှောက်ထားတယ်။ မျက်နှာလိုက်လို့မရတော့ဘူးပေါ့။ အဝါရောင်က အရသာအရှိဆုံး။

လိမ္မော်ရောင်က အကအကောင်းဆုံး။ ခရမ်းရောင်လေးက ပရိတ်သတ် အားအပေးဆုံး။

အပြာရောင်က ဒီဇိုင်းအမိုက်ဆုံး။ 

အဖွဲ့တွေအားလုံး ဆုရကြတယ်။






ပွဲလေးကတော့ ဒီလောက်ပါပဲ။ စက်ရုံထဲက ဝန်ထမ်းတွေပျော်ပျော်ရွှင်ရွင်ပေါ့။ 








Friday, September 19, 2014

ကမ္ဘာပေါ်မှာ မရှိတဲ့ မြန်မာ့ရေးရာများ---



 
ကမ္ဘာပေါ်မှာ မရှိတဲ့ မြန်မာ့ရေးရာများ---
======================

(၁)မြန်မာနိုင်ငံတွင် ပထမဆုံးရေသုံး ၍ အိမ်သာတက်ခဲ့သော ဘုရင်မှာ       ဘိုးတော် ဦးဝိုင်း ( ၁၇၈၂- ၁၈၁၉ ) ဖြစ်သည်။

(၂)၁၈၈၅ ခုနှစ်တွင် သူ့ကျွန်ဘ၀ ကျရောက်ပီး ၁၈၈၆ ခုနှစ်တွင်ဖွင့်လှစ် ခဲ့သောစက်ရုံသည် မန္တလေး ဘီယာ နှင့် အရက်ချက်စက်ရုံဖြစ်သည်။

(၃)တယ်လီဖုန်းအား လေပေါ်မြှောက်ကာ ဝှေ့ရမ်း၍ လိုင်းရှာရသော နည်းပညာ ကို မြန်မာနိုင်ငံမှ စတင် တီထွင်ကာ ရောင်းချခဲ့သည်။

(၄)သတင်းစာကို နောက်ဆုံး မှ လှန်ဖတ်သော ဓလေ့စရိုက် သည် မြန်မာနိုင်ငံတွင်သာရှိသည်။

(၅)ကမ္ဘာပေါ်တွင် ဆောင်ပုဒ် အများဆုံး နိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။

(၆) ခြင်တောင်လှန်၍ သန်းခေါင်စာရင်းစစ်သောအလေ့အထသည်
ကမ္ဘာပေါ်တွင် မြန်မာတနိုင်ငံတည်း၌သာရှိသည်။

(၇) ကမ္ဘာပေါ်တွင် ၀ါးတားဂိတ် (၀ါးလုံးတား၍ပိုက်ဆံတောင်းသောဂိတ်)
အများဆုံးတိုင်းပြည်မှာ မြန်မာပြည်ဖြစ်သည်။

(၈) လေအေးစက်တပ်ထားသောအခန်းများတွင်
နောက်မှီကုလားထိုင်ပေါ်ထိုင်၍ တောင်းစားသောသူတောင်းစားများမှာ
မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။

(၉) နောက်ဖေးလမ်းကြားထဲသို့ တိုက်ပေါ်မှအမှိုက်ပစ်ချသော
အမှိုက်စွန့် စံနစ်သည် မြန်မာနိုင်ငံတခုတည်းတွင်သာရှိသည်။

(၁၀) ဒီမိုကရေစီပါလီမန်ဟုဆိုသော လွတ်တော်ထဲတွင် (၂၅%) သော
စစ်ယူနီဖေါင်းဝတ်ထားသူများ မျက်နှာမာများနှင့် မျက်နှာပြောင်တိုက်
ထိုင်နေသော ဒီမိုကရေစီလွှတ်တော်သည် ကမ္ဘာ့ပထမဆုံးသော
ဒီမိုကရေစီလွှတ်တော်ဖြစ်သည်။

(၁၁) အိမ်သာများတွင် နိုင်ငံခြားသားအတွက်သီးသန့် 
(Foreigner Only)ဟုခွဲခြားသောဆိုင်းဘုတ်များသည်
မြန်မာတနိုင်ငံတည်းတွင်သာရှိသည်။

(၁၂) မြို့ လည်ခေါင်တွင် ခရီးသည်တင်ကားများကို လက်တား၍
ပိုက်ဆံတောင်းသော ဓါးပြများကိုမဖမ်းပဲခွင့်ပြုထားသောတိုင်းပြည်သည်
မြန်မာပြည်ဖြစ်သည်။

(၁၃) ကမ္ဘာပေါ်တွင် မီးအားမြှင့်စက်အရောင်းရဆုံးတိုင်းပြည်မှာမြန်မာပြည်ဖြစ်သည်။

(၁၄) ကမ္ဘာပေါ်တွင်အင်တာနက်အနှေးဆုံးနှင့် Overseas PhoneCall ဈေးအကြီးဆုံးမှာ မြန်ပြည်ဖြစ်သည်။

(၁၅) ဈေးဝယ်ပြီး ငွေအကြွေ မအမ်းနိုင်၍ပစ္စည်းနှင့်လဲလှယ်သော
စနစ်သည်ကမ္ဘာပေါ်တွင် မြန်မာပြည်၌သာရှိသည်။

(၁၆) မိမိလူမျိုးကိုသတ် ၊ မိမိဘာသာ သာသနာကို ပြန်စော်ကားတဲ့ အစိုးရသည် မြန်မာပြည်တွင်ဖြစ်သည် ။

(၁၇) အာဏာရူးလောဘရူးများကို တရိုတသေဖြင့် "အဘ" ဟုခေါ်
ရသော ကမ္ဘာ့အယဉ်အကျေးဆုံးတိုင်းပြည်သည် မြန်မာပြည်ဖြစ်သည်။

(၁၈) "လာဘ်ပေးရန်မလို" (လာဘ်ပေးလျှင် ရန်မလို)
"လာဘ်ပေး ရန်မလို"ဟူသော အဓိပ္ပါယ်ရသည့်ဆိုင်းဘုတ်များကို
ရုံးဌာနများတွင် ပြောင်ပြောင်တင်းတင်းကပ်ထားသည့် ကမ္ဘာတွင်
တခုတည်းသောတိုင်းပြည်ဖြစ်သည်။

(၁၉) ကမ္ဘာ့အမြင့်ဆုံး ငြိမ်းချမ်းရေးနိုဘယ်လ်ဆုပိုင်ရှင်ရှိနေသည့်
ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်ဖြစ်နေသောတိုင်းပြည်ဖြစ်သည်။

(၂၀) ဖိနပ်များကိုသဲကြိုးပြန်တပ်၍ စီးခြင်း၊ တခါသုံးဓါတ်ငွေ့ 
မီးခြစ်များကိုဓါတ်ငွေ့ နှင့်မီးခြစ်ကျောက်များပြန်ထည့်၍
အသုံးပြုသောစံနစ်တို့ အား မြန်မာနိုင်ငံမှ စတင်ခဲ့သည်။

(၂၁) အကြော်များအား တာရှည်ခံရန်အတွက် ပလတ်စတစ်
ကြွတ်ကြွတ်အိတ်များအား အကြော်ဆီအိုးထဲတွင်ထည့်ကြော
သော နည်းစံနစ်ကို မကြောက်မလန့် - မြန်မာနိုင်ငံတွင် ပထမဆုံး
တည်ထွင်ကြံဆ အသုံးချခဲ့သည်။

(၂၂) တတိုင်းပြည်လုံးနီးနီးမှောင်နေသော်လည်း လျှပ်စစ်ဓါတ်အားများ
ပိုလျှံနေ၍ နိုင်ငံခြားသို့ တင်ပို့ ရောင်းချနေသည့် ထူးခြားသော
တိုင်းပြည်ဖြစ်သည်။

(၂၃) တိုင်းပြည်တွင် ရေနံ နှင့် သဘာဝဓါတ်ငွေတို့ အလျှံပယ်
ထွက်ရှိနေသော်လည်း နိုင်ငံခြားမှ ဒီဇယ်ဆီဝယ်သုံးနေသည့်
အလွန်ချမ်းသာသောတိုင်းပြည်ဖြစ်သည်။
(မှတ်ချက်။ ဒီဇယ်ဆီကို အန္ဒိယမှဝယ်ပါသည်)

(၂၄) ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတွင် ကြိုတင်မဲဖြင့်
အာဏာရသွားသော အစိုးရအုပ်ချုပ်သည့် ကမ္ဘာပေါ်တွင်
တစ်ခုတည်းသော ဒီမိုကရေစီတိုင်းပြည်။

(၂၅) လက်မူ့ လယ်ယာမှစက်မူ့ လယ်ယာသို့ဟုကြွေးကြော်ကာ
ဘိုးဘွားပိုင်ဓါးမဦးချလယ်ယာမြေများကို ခရိုနီများနှင့်အာဏာပိုင်များ
ပေါင်းကာ သိမ်းယူ၍ စက်မူလယ်ယာစံနစ်ကိုအကောင်အထည်ဖေါ်
သော ထူးခြားသည့်နိုင်ငံဖြစ်သည်။

(၂၆) နိုင်ငံအတွင်း ဆင်းရဲမှူ့ ပပျောက်ရေးဟု ကြွေးကြော်ပြီး အခြေခံလူတန်းစားများ နေထိုင်ပိုင်ဆိုင်သော အိမ်ယာမြေများကို
ဥပဒေအသစ် ပုဒ်မအသစ်များတပ်၍ သိမ်းယူကာ ဆင်းရဲမူ
ပပျောက်အောင် ဖေါ်ဆောင်သောစံနစ်သည် ကမ္ဘာပေါ်တွင်
မြန်မာတနိုင်ငံတည်း၌သာရှိသည်။

(၂၇) ကုန်း/ရေ နှစ်မျိုးသွား (Amphibian) လူစီးဘတ်စ်ကား
များအားကမ္ဘာပေါ်၌ မြန်မာနိုင်ငံတွင်ပထမဆုံးအသုံးပြုနိုင်ခဲ့သည်။

(၂၈) " မြေကြီးက ရွှေသီးလို့ ပြည်ဝမ်းဝနေဆိုတဲ့" သီချင်းအား
ရုပ်မြင်သံကြားတွင် သတိယတိုင်းလွှင့်နေပြီး ပညာတတ်များနှင့်
အရွယ်ရောက်သူ (၅) သန်း ကမ္ဘာပတ် ကျွန်ခံနေရသောတိုင်းပြည်
ဖြစ်သည်။

(၂၉) မြန်မာနိုင်ငံသည်လျှပ်စစ်မီးသီးကိုတီထွင်ခဲ့သော
အမေရိကန်နိုင်ငံသား သောမတ်စ်အက်ဒီဆင်အား
ဂုဏ်ပြုဆုံးသောတိုင်းပြည်အဖြစ် မှတ်တမ်းတင်ထားခြင်းခံရသည်။
(အက်ဒီဆင်အားဂုဏ်ပြုသောအားဖြင့် သူ၏မွေးနေ့ တွင်
အမေရိကန်နိုင်ငံ၌ လျှပ်စ်မီးကိုငါးမီးနစ်တိတိ ဖြတ်တောက်ထား
ခဲ့ဖူးပါသည်)။

(၃၀) ငွေမပေးနိုင်လျှင်အကူအညီမပေးသော၊ ဘာတစ်ခုမှစေတနာဖြင့်
ကူညီဖေါ်မရသောသူများက "ကူညီပါရစေ" ဆိုင်းဘုတ်အား မူပိုင် ယူထားသည်မှာလည်း မြန်မာနိုင်ငံတခုတွင်သာရှိပါသည် ။

(၃၁) (၂၁) ရာစုတွင် ကျောင်းသားများအားတန်းစီ၍
(ဘယ်ပြန်ညာပြန် ဒုတိယကမ္ဘာစစ်က ဖက်ဆစ်ဂျပန်စတိုင်) ပါးရိုက်
သော ဆရာမမျိုးသည်လည်းကမ္ဘာတွင် မြန်မာနိုင်ငံမှ ပထမဆုံး
ပေါ်ထွန်းခဲ့သည်။ (မှတ်ချက်။ ရန်ကုန် TTC ကျောင်းဆရာမ)

(၃၂ ) လမ်းပေါ် မှဆိုင် ကယ် ကို လေ ယာဉ် မှ ဝင် တိုက်ေ သာ ပထမ ဆုံး နိင် ငံ မှာ မြန် မာ နိင် ငံ ဖြစ် သည် ။

(၃၃) တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော် အုပ်ချုပ်ပြီး စကား(မိန့်ခွန်း) တစ်ခွန်းမှ ပြောမသွားသည့် ပုဂ္ဂိုလ်ထူး ရှိသော နိုင်ငံသည် မြန်မာပြည်တွင်ရှိပါသည် ။

Nan Su
=========
ချိုးငှက်ဟူသည် မှ ကူးယူထားပါသည်။ ကိုယ့်နိုင်ငံကိုယ် လှောင်ပြောင်လိုခြင်းအလျှင်းမရှိပါ။ ရှာရှာဖွေဖွေတွေးနိုင်ရေးနိုင်သောအရေးအသားများကို သဘောကျရုံမျှသာဖြစ်ပါသည်။ :P

Friday, September 12, 2014

ငိုနိုင်လွန်းတဲ့ရှင်မင်းသန့်။

မနေ့ညက အလုပ်ထဲကထွက်တဲ့အချိန် နောက်ကျသည်။ သမီးကိုကြိုပြီး အိမ်ပြန်ရောက်တော့ဈေးထုတ်တွေ ကိုဆိုင်ကယ်မှာချိတ်ထားတဲ့သမီးပါပါးကို ငုတ်တုတ်ထိုင်လျှက်သားတွေ့ရသည်။

“အယ်...အိမ်ထဲမဝင်သေးပဲနဲ့” ဆိုတော့

“အိမ်သော့ကို အိမ်ထဲမှာပဲမေ့ထားခဲ့တယ်”
“နန်းနောက်ကျလိုက်တာကိုယ်ရောက်နေတာ ကြာပြီ” တဲ့။

သော့ဖွင့်ပြီးအိမ်ထဲဝင်တော့ ဈေးထုတ်တွေချရင်း...

“ အားပါးပါး... ဈေးမှာ မိန်းကလေးတွေသက်သက်”
“ကိုယ်ဈေးဝယ်ရင်း ခေါင်းပါမူးတယ်။”
“တော်သေးတယ် နန်း စာရွက်နဲ့ရေးပေးလိုက်လို့ပေါ့။”
“မဟုတ်ရင် ကိုယ်ဘာမှဝယ်တတ်မှာမဟုတ်ဘူး။”
“မြန်မာဈေးဆိုင်မှာ အလကားပေးနေသလိုပဲ မနဲတိုးပြီးဝယ်လာရတယ်။”
“မြန်မာဈေးဆိုင်က တခါတလေမှလာတာဆိုတော့ သူတို့တွေလဲတော်တော်တိုးဝှေ့ပြီးဝယ်ကြတယ်။”
“တခုခုကျန်နေသလိုပဲခံစားရတယ် ပြန်ကြည့်လိုက်အုံး ဘာမေ့နေတာလဲလို့။”
ဝယ်လာတဲ့ပစ္စည်းတွေကို နေရာချရင်းဆိုတယ်။

“ နန်းသိတယ် ကိုယ်မေ့တာ ပုဇွန်ခြောက်ပဲနေမှာ။” “စာထဲမှာရေးမပေးပဲ ပါးစပ်ကပဲမှာလိုက်တာ။” ဆိုလိုက်တော့ “ အာ..ဟုတ်သားပဲ။ ကိုယ်မြန်မာဈေးဆိုင်ရှေ့မှာ အကြာကြီးလျှောက်ပြီးစဉ်းစားသေးတယ်။” “ဘယ်လိုမှစဉ်းစားလို့မရတော့လို့ ပြန်လာတာ။” “ကဲ... ကိုယ်ကလေးကြည့်ရင်းခဏနားအုံးမယ်နော်။ ဈေးထဲမှာ တော်တော်ခေါင်းမူးလာလို့။” ဆိုပြီး အိမ်ရှေ့ခန်းမှာ ခဏလှဲနေပါတယ်။

သမီးကို အရှေ့ခန်းမှာချပြီး ယူနီဖောင်းလဲ။ ချက်ပြုစရာတွေပြင်ဆင်ပေါ့။ ဗိုက်ဆာနေမှာစိုးလို့ သမီးကို ပဲနို့တစ်ဗူးတိုက်ထားလိုက်တယ်။ အားလုံးချက်ပြုတ်ပြီး ဟင်းချိုအိုးပွက်ခါနီးတော့

“ကိုကို ရေချိုးတော့ ဟင်းကျက်တော့မယ်။” “သမီးကိုလဲခေါ်ခဲ့တော့ထမင်းကျွေးရအောင်”

ကိုကိုက ရေချိုးရင်း မနက်က ကျန်ခဲ့တဲ့ပန်းကန်တွေဆေးကြော။ နန်းက သမီးကိုထမင်းခွံ။ ရေချိုးပြီးတော့ ကိုကိုက သံပုရာရည်ဖျော်တိုက်။ ထမင်းစားကြ။ ထမင်းခွံ့ရင်းနဲ့ သမီးက အိပ်ငိုက်လို့ ဂျီကျ။ ထမင်းစားပြီးတော့... “ကိုယ် အိပ်ယာခင်းတော့ သမီးအိပ်ငိုက်နေပြီ။”

ပါပါးအိပ်ယာခင်းနေတုန်း မေမေက သမီးကိုသန့်ရှင်းရေးလုပ်ပေး။ အိပ်ယာခင်းပြီးတော့ သားအဖနှစ် ယောက်  အိပ်ယာပေါ်မှာ ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်။ မေမေလဲ နောက်ဖေးမှာ သန့်ရှင်းရေးလုပ်။ ကျောင်းက ပြန်ပါလာတဲ့ သမီးအဝတ်ပေတွေလျှော်။ ခဏနေတော့ရေချိုး။ ရေချိုးခန်းက ထွက်လာတော့ ရှင်မင်းသန့်တို့အိပ်ပျော်နေပြီ။ မီးတွေပိတ်ပြီး အိပ်ယာဝင်တော့ ဆယ်နာရီ လေးဆယ်ငါး။

 မှေးမှေး မှေးမှေး နဲ့အိပ်ပျော်မယ်ကြံတုန်း တရေးနိုးလာတဲ့ရှင်မင်းသန့်တို့ စငိုပါပြီ။ အစပိုင်းတော့ ဟင့်ဟင့်ဟင့်ဟင့် မျက်စိမဖွင့် အိပ်ယာပေါ်လူးလှိမ့်လို့ တဟင့်ဟင့်လုပ်သည်။ “အသဲလေး မေမေ့ ဆီလာ။” ခေါ်လိုက်တော့ မအေဆီကို လှိမ့်လာသည်။ လက်မောင်းပေါ်မှာ ခေါင်းတင်အိပ်ပြီး မအေကို ဖက်သည်။ ကျန်နေတဲ့မေမေ့လက်တဖက်ကိုဆွဲချပြီး သူ့နောက်ကျော်ကို ပုတ်ပြသည်။ နားလည်လိုက်ပြီ ဒါနှိပ်ခိုင်းတာ။ တဟင့်ဟင့်က မရပ်သေး။

 ကျောရိုးလေးတစ်လျှောက် လက်ညှိုးလက်မလေးနဲ့ ဖွဖွလေးနှိပ်ပေးလိုက်သည်။  ခဏနေတော့ နှိပ်ပေးနေတဲ့လက်မောင်းကိုဆွဲပြီး မြှီးညှောင်းရိုးလေးကို ကုတ်ပြသည်။ နားလည်လိုက်ပြီ။ ဒါကုတ်ခိုင်းတာ။ တဟင့်ဟင့်က မရပ်သေး....။ မြှီးညှောင်ရိုးနဲ့ တင်ပါးလေးတွေကို လက်ဖဝါးလေးနဲ့ အသာအယာ ပွတ်သပ်ပေးလိုက်သည်။ (အဲ့ဒီနေရာမှာ အမှားကြီးမှားသွားတော့သည်။)

အဲ့ဒီမှ စ ကာ တဝါးဝါးနဲ့ငိုတော့သည်။ ပွတ်ပေးနေတဲ့လက်ကို တွန်းဖယ်ပြီး ကုတ်ပြပြန်သည်။ သူက လက်သည်းနဲ့ ကုတ်ခိုင်းတာကို လက်ဝါးနဲ့ပွတ်သပ်ပေးတော့ စိတ်တိုပြီး စိတ်ကောက်သွားတော့သည်။ ငိုလိုက် သည့်အငိုက အထက်အောက်ဘေးဘယ်ညာ ခုနစ်ယူဇနာတိုင်လိမ့်မည်ထင်ရသည်။ အောင်လိုက် တဲ့ အသံက ဖြူဖြူကျော်သိန်းထိုင်ငိုရမည်။

ငိုသည်။ ငိုသည်။ အာပြဲနဲ့အော်သည်။ နာရီကြည့်လိုက်တော့ ဆယ့်တစ်နာရီလေးဆယ်။ သမီးပါပါးထလာပြီး  ပွေ့ချီသည်။ ကော့လန်ထိုးပြီး  အောက်ပြန် ဆင်းသည်။ ထိုင်ရက်က တဖက်လှည့်သွားပြီး မေမေနဲ့ပါပါး ကိုကျောပေးပြီး ငိုသည်။ စိတ်ကောက်နေတယ် ဆိုတဲ့သဘော။ ခဏနေ ခေါင်းလှည့် လာပြီး မအေကို  ပေ စောင်းစောင်းနဲ့ကြည့်သည်။ အငိုကမတိတ်သေး။  သမီးပါပါးက နန်းကိုချီခိုင်းတာနေမှာပေါ့။ ချီလိုက်ပါကွာ။ ဆိုတော့ ကောက်ချီလိုက်သည်။ ရင်ခွင်ထဲမှာ မျက်နှာအပ်ရင်း ဖက်၍ငိုသည်။ မအေကိုမော့ကြည့်သည်။ ဗိုက်နာလို့များလားဆိုပြီး ထက်လင်းရင်လူးဆေးကို ကျောနဲ့ရင်ဘတ်နဲ့ ရွှဲနေအောင် လူးပေးသည်။

အမျိုးမျိုး ချော့သည်။ အငိုက မရပ်သေး။ ပါးစပ်ကိုလက်ညှိုးထိုးပြပြန်သည်။ ဗိုက်ပြန်ဆာပြီနေမှာလို့ သမီးပါပါး က ပြောလဲပြော မီးဖိုချောင်ကငှက်ပျောသီးလဲ သွားယူလာပေးသည်။ တစ်ရှူးဗူးနဲ့ သမီးမုန့်စားနေကျပန်းကန် နဲ့ ဓါးနဲ့။ ငှက်ပျောသီးကို အခွံခွာ ဓါးနဲ့ အဝိုင်းကလေးတွေလှီးပြီး သူ့ရှေ့ချပေးလိုက်သည်။ ကောက်စားသည်။ တဝါးဝါးငိုနေတဲ့ အငိုက မရပ်သေး။ ငိုရင်းစားနေသည်။

ပါးစပ်ကို လက်ညှိုးထိုးပြပြန်သည်။ နားလည်လိုက်သည်။ ရေသောက်မယ်။ တခါထပ်မှားပြန်သည်။ သူက သူ့ပါပါးသောက်တဲ့ ရေအေးအေးသောက်ချင်တာ။ မေမေက အေးတာမကြိုက်တော့ သူ့ကိုရေရိုးရိုးပဲပေး လိုက်မိသည်။ ပါပါးသောက်တဲ့ အိပ်ယာဘေးတွင်ထားသော ရေခဲ့ဗူးကို လက်ညှိုးထိုးပြီး ငိုလက်စ အရှိန်ထက် နှစ်ဆတိုးငိုတော့သည်။ အထက်အောက် ဘေးဘယ်ညာ ဆယ့်လေးယူဇနာတိုင်လောက်ပြီ။ သေချာတယ် ဖြူဖြူကျော်သိန်း လက်ဖျားခါလောက်ပြီ။ ဘေးအခန်းတွေကို အားနာလှပြီ။

သူ့ပါပါးက ရေအေးအေး ခပ်တိုက်လိုက်သည်။ ငိုရတာတော်တော်မောပုံရသည်။ ရေကို တဂွတ်ဂွတ်မြည် နေအောင်သောက်သည်။ နဲနဲတော့ကျေနပ်သွားပြီ ငိုသည့်အရှိန် နဲနဲလျော့သွားသည်။ ပါပါးက တစ်ရှူးပေးလိုက်တော့ ပါးစပ်တွေသုပ်သည်။ မျက်ရည်တွေကို သုပ်သည်။ ပြီးတော့ လက်တွေသုပ်သည်။ လုံးပြီး မေမေ့ကိုပေးသည်။ ငိုနေတာ မရပ်သေး...။

သူ့မေမေက သူအရမ်းငိုလျှင် သူ့ကိုထိုင်ကြည့်ပြီး ရောငိုနေသည်။ သူ့လို တဝါးဝါးနဲ့ အသံထွက်အောင် မငို ပေမဲ့ ပါးပေါ်မှာ မျက်ရည်တွေ တလိမ့်လိမ့်ကျရင်း ငိုနေသည်။ ခေါင်းအုန်းကို လက်နဲ့ပုတ်ပြသည်။ အိပ်တော့မည်။ သူ့ပါပါးက လှဲချပေးလိုက်သည်။ ထပ်မှားပြန်သည်။ ငိုတဲ့အသံ ထပ်ကျယ်လာသည်။ ပြန်ထူပေးလိုက်သည်။

မေမေ့ကိုကြည့်ပြီး ခေါင်းအုံးကို ထပ်ပုတ်ပြပြန်သည်။ မေမေ့ကိုအိပ်ခိုင်းတာ။ လှဲအိပ်လိုက်သည်။ မေမေ့ လက်မောင်းကို ဆွဲပြီး နေရာရွှေ့သည်။ သူ မေမေ့လက်မောင်းပေါ်အိပ်မည်။ အငိုက မတိတ်သေး။အိပ်ပြီးတော့ လဲ ငိုနေသေးသည်။ လက်ညှိုးတွေလျှောက်ထိုးပြီး ထပ်အော်ပြန်သည်။ သူလက်ညှိုးထိုး တဲ့နောက် သူ့မျက်လုံး တွေကလဲ လိုက်ကြည့်ပြီး အော်ငိုနေသည်။ သူလက်ညှိုးညွှန် ရာလျှောက်ကြည့်တော့  ဘာမှမရှိ။

စိတ်ထဲမသိုးမသန့်ဖြစ်လာသည်။ ဖုန်းနဲ့ ကြာနီကန်ဆရာတော်၏ ပရိတ်ကြီး ဆယ့်တစ်သုတ် ကို တိုးတိုး လေးဖွင့်လိုက်သည်။ သူ့ပါပါးက ဘုရားစင်မှ ဘုရားသောက်တော်ရေစွန့်လာပြီး တိုက်သည်။ တအိမ်လုံး လိုက်ဖျန်းသည်။ အော်ငိုနေတာ မရပ်သေး။ မေမေ့လက်ကိုဆွဲ့၍ သူ့ကိုဖက်ထားခိုင်းသည်။ မေမေ့ရင်ခွင်ထဲမှ လက်ညှိုးထိုးလိုက်လှည့်ကြည့်လိုက်လုပ်ရင်း ငိုနေသည်။

ခဏနေတော့ တိတ်သွားသည်။ သူ့ကိုဖက်ထားတဲ့ မေမေ့လက်ကို သူ့လက်ကလေးနဲ့ တင်းနေအောင် ပိုက်ထားသည်။ စိတ်ချသွားပြီထင့် အိပ်ပျော်သွားပြီ။ ကိုကိုအိပ်တော့။ မနက်အလုပ်သွားရမှာဆိုတော့ နာရီလဲကြည့်ပါအုံးတဲ့။ ကြည့်လိုက်တော့ လေးနာရီ  နှစ်ဆယ်။ ဆယ့်တစ်နာရီလောက်ကနေ  လေးနာရီ လောက်ထိ မရပ်တန်းအော်ငိုနိုင်သော ရှင်မင်းသန့် ပေတည်း။ အံ့ဖွယ်သုတပါတကား။ မီးမှိတ်ပြီး အိပ်ပျော် သွားတော့သည်။

မနေ့က အိပ်ပျော်သွားပြီး အိပ်ယာထနောက်ကျလို့ အလမ်းပေးထားသည်။ ရှင်မင်းသန့်တို့ ပိုတိကျသည်။ အလမ်းမမြည်ခင် ငါးမိနစ်လိုတော့နိုးလာသည်။ နိုးတာနဲ့ တန်းငိုတော့သည်။ သူ့ပါပါးနိုးမှာစိုးလို့ ပွေ့ချီ သွားပြီး ရေချိုးခန်းမှာ မျက်နှာသစ်သွားတိုက်ပေးသည်။ ငိုနေဆဲ။ မီးဖိုထဲမှာ မုန့်ထုတ်ကိုဖောက် ပြီးပန်းကန် နဲ့ထည့်ကာ ချပေး လိုက်သည်။ မုန့်ပန်းကန်ကိုတွန်းပစ်ပြီးဆက်ငိုသည်။

ထမင်းအိုးတည်၊ မနေ့ညကချက်ထားတဲ့ဟင်းတွေပြန်နွှေး၊ ဟင်းချိုအိုးပြန်တည်။ ရေနွေးတည် လက်ဘက် ရည်ဖျော်။ ငိုနေဆဲ။ ချွေးတွေ၊ မျက်ရည်တွေ၊ နှပ်တွေ ရွှဲနေလို့ရေချိုးပေးလိုက်သည်။ ငိုနေဆဲ။ သမီးကို ရေ ချိုးပေးပြီး အရှေ့ထွက်လာတော့ သူ့ပါပါးကအိပ်ယာသိမ်းပြီးပြီ။ ဘေဘီမိုင်းလ်လိုးရှင်းလိမ်း  ပေါင်ဒါထည့် အိင်္ကျီလဲပေးပြီး ခဏချထားခဲ့သည်။ ငိုနေဆဲ။

ထမင်းအိုးကျက်တော့ ဆွမ်းတော်ကပ်။ ဘုရားရှိခိုးပြီး ထမင်းခူး။ သမီးကို ထမင်းစားပွဲနားခေါ်လာတော့ သမီးပါပါးရေချိုးပြီးပြီ။ ထမင်းစားကြတော့လဲ ငိုနေဆဲ။ ထမင်းလဲကောင်းကောင်းမစား။ မုန့်လဲမစား။ မိုင်လိုလဲမသောက်။ ပဲနို့လဲမသောက်။ ရေလဲမသောက်။ ငိုပဲငိုနေသည်။ ခဏနေတော့ သူ့ပါပါး အလုပ် သွားသည်။ အလုပ်သွားခါနီး မေမေ့ကို ကို့အသဲလေးပင်ပမ်းသွားပြီဆိုကာ အာဘွားပေးပြီး ငိုနေတဲ့သူ အာဘွားမပေးတော့ဘူး လို့ပြောတော့ အာပြဲနဲ့ ထအော်တော့သည်။ မလိုက်ရလို့လက်ညှိုးထိုးပြီး ငိုပြန်သည်။ ခါတိုင်းဆို ပါပါးအလုပ်သွားရင် တာ့တာတို့ ဖလိုင်းကစ်တို့ လုပ်နေကျ။ ဒီနေ့တော့ လက်ညှိုးထိုးပြီးငိုသည်။

သူငိုနေတာကို အိမ်ရှေ့မှာထားပြီးရေချိုးသည်။ အလုပ်သွားဖို့ယူနီဖောင်းလဲသည်။ ခေါင်းဖြီးသည်။ ရှင်မင်းသန့်ငိုနေဆဲ။ အငိုလွန်ပြီး ပက်လက်လန်ကျသည်။ နောက်စေ့နှင့် ကြမ်းပြင်နှင့် ဒုံးကနဲ၊ အသံပြာတက်သွားသည်။ မျက်နှာကို moisturizer မြန်မြန်ပွတ်ပြီး ကောက်ချီလိုက်သည်။ ကျောင်းသွာဖို့ ပြင်ဆင် အဝတ်လဲပေး ခြင်းထဲကို သူ့အဝတ်အစားနဲ့ မုန့်တွေထည့်ပေး။ ဦးထုတ်ဆောင်းပေးပြီး အပြင်ထွက်လာတော့ အငိုတိတ်သွားသည်။

ကျောင်းကိုရောက်တော့ သူ့ကိုထိန်းတဲ့အဒေါ်ကြီးက တိုက်ဘေးကနေလှမ်းခေါ်သည်။ ဒီကိုလာ။ အပေါ်ထပ်မှာမဟုတ်တော့ဘူးတဲ့။ ဒေါင့်ခန်းလေးမှာဖြစ်သွားပြီ။ အပေါ်တက်စရာမလိုတော့ဘူးပေါ့။ မဟုတ်ရင် ကလေးချီပြီး အပေါ်တက်ရတာ မသက်သာဘူး။ အဒေါ်ကြီးက လှမ်းခေါ်လိုက်တဲ့အချိန် ထပ်ငိုပြန်သည်။ ငိုရင်လဲ လှည့်ကြည့်နေလို့မရတော့ အလုပ်သွားရတော့မည်။ သမီးငိုသံကို ကျောခိုင်းလို့ ရင်နင့်နင့်နဲ့ ထွက်လာခဲ့သည်။ တနေကုန်ငိုနေမလားမသိ။

မနေ့ညက ညစာစားပြီးတော့ အစာကြေဆေးသောက်လိုက်သည်။ ဝမ်းချုပ်နေလို့ နဲနဲပိုသောက်လိုက်သည်။ သမီးငိုတော့ ဗိုက်နာလို့များလားဆိုပြီး အစာကြေဆေး နောက်တစ်မျိုးကျွေးသည်။ သမီးက မစားတော့  မေမေစားလိုက်သည်။ အစာကျေဆေးနှစ်မျိုးအစွမ်းကြောင့် ဒီနေ့အလုပ်ထဲမှာ ဝမ်းလျှောပါသည်။ မနေ့ ညက အိပ်ရေးပျက်ထားတာနှင့်ပေါင်းပြီး လူက ယဲ့ယဲ့သာကျန်ပါတော့သည်။ နားထဲမှ လေတွေ အဟူးဟူး ထွက်နေပေပြီ။ ခေါင်းတွေလဲ တရိပ်ရိပ်မူးနေပြီ။ ယခု စာရေးနေချိန် ညနေသုံးနာရီထိုးခါနီးထိ ရေအိမ် သွားတာ ဆယ်ကြိမ်ကျော်ပြီ။

ယနေ့ အလုပ်ပါး၍တော်ပေသေးသည်။ အိမ်တွင် အင်တာနက် လုံးဝမသုံးပဲ ရုံးတွင် နေမကောင်းလျှက်က အလုပ်တဖက်နှင့် စာရေးသော နန်းရွှေမှုံတော်ပါပေသည်။ အံ့သြဖွယ်ကောင်းလေစွ လုံးဝအိပ်မငိုက်ပါ တကား။ ညနေအလုပ်ဆင်းလို့သွားကြိုလျှင် ဘယ်လိုနေမယ်မသိ။ မေမေတော့ တော်တော် ဖလက်ပြ ၍နေပေပြီ။ မနက်ဖြန်အလုပ်ပိတ်၍တော်သေးသည်။

နန်းရွှေမှုံ။


Thursday, September 11, 2014

ဈေးသွားတဲ့ကိုကို။

သမီးက ၁၁ ကီလိုကျော်လာတော့ ချီသွားရတာတကယ်မသက်သာပါဘူး။ သမီးကျောင်းက လေးထပ်မှာ ရှိတော့  မေမေ မြန်မြန်ဝိတ်ကျတာပေါ့နော့။ (အရပ် ငါးပေလေးလက်မမှာ ငါးဆယ့်တစ်ကီလိုပဲ ရှိတဲ့မေမေ က တော်တော်ဝရှာတာကိုး။) တကူးတက လေ့ကျင့်ခန်းယူစရာမလိုတော့ဘူးပေါ့။ မနက်ဆိုရင်ချီပြီးတော့ သမီးကျောင်းရှိရာကိုလမ်းလျှောက် လေးထပ်ကိုတက်။ သမီးကိုပို့ပြီးပြန် ဆင်းလာ။ အလုပ်သွား။ ညနေ ဆိုရင် အလုပ်ဆင်းမှ လေးထပ်ကိုတက် သမီးကိုချီပြီးပြန် ဆင်းလာ ဈေးသွား ပြီးအိမ်ပြန်။ သမီးကို ကလေး ထိန်းကျောင်းပို့တာ နှစ်ရက်ပဲရှိပါသေးတယ်။

 မနေ့က သမီးပါပါးလာကြိုတယ်။ သမီးကို သူချီပြီးဈေးသွားတာ လက်မောင်းပြုတ်တော့မယ်တဲ့။ နောက်နေ့ ကျရင် နန်းသမီးကိုကြိုပြီးရင် အိမ်တန်းပြန်တော့တဲ့။ ဈေးကို သူဝင်ဝယ်လာမယ်တဲ့။ လိုအပ်တာတွေ စာနဲ့ ရေးပေးလိုက်တဲ့။ စက်ရုံနားက ဈေးမှာ ကြာသပတေးနဲ့ တနင်္ဂနွေပဲ မြန်မာဈေးဆိုင်လာတယ်ဆိုတော့ လိုတာတွေ စာရေးပေးလိုက်တယ်။ အဆင်ပြေမှာပါ။

မနက်က အိပ်ပျော်သွားလို့ ခုနစ်နာရီခွဲခါနီးမှ နိုးကြတယ်။ သမီးပါပါးက ခုနစ်နာရီလေးဆယ့်ငါးဆိုရင်အလုပ် သွားပြီမို့ မနက်စာ ထမင်းစားဖို့မမှီတော့ဘူး။ သူသွားတဲ့အချိန်ထမင်းတောင်မကျက်သေးဘူး။ ရေနွေးတည် ပြီး လက်ဘက်ရည်ဖျော်ပေးလိုက်တယ်။ လမ်းကျမှ ဆဲဗင်းအလဲဗင်းက မာမားဗူး ဝယ်စားခိုင်း လိုက်တယ်။ ဆဲဗင်းမှာဆို ရေနွေးလဲအဆင်သင့်ရှိပြီး သားပဲလေ။ နန်းတို့သားအမိကတော့ ရှစ်နာရီ ဆယ့်ငါးလောက်မှ အိမ်ကထွက်တာဆိုတော့ နံနက်စာမှီသေးတယ်။ ညနေပြန်လာရင်တော့ ဈေးသွားတဲ့ကိုကို အဆင်ပြေ မလားမသိ။ မိန်းမတွေများ အဲ့လိုပဲ တွေးပူတတ်လွန်းတယ်။

Tuesday, September 9, 2014

နေ့ကလေးထိန်းကျောင်း။

ညီအစ်မအချင်းချင်းမပြေလည်တဲ့အကြောင်းတွေရေးရတာလဲ ရှက်ဖို့ကောင်းပါတယ်။ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းဆိုသလိုပါပဲ။ သူစိမ်းဖက်လာတော့ ပိုဆိုးတာပေါ့။ သူ့အမျိုးသားနဲ့ သူ့ယောင်းမဆီမှာ အပိုးကျိုး သလောက် အမေနဲ့အမတွေကို လူမထင်တဲ့အချိုးမျိုးတွေချိုးတာ ပိုပြီးတော့ အသည်းနာတယ်။ ထားလိုက် ပါတော့လေ။ ကိုယ်တွေမှ မပိုင်တော့တာ ဆိုင်ရုံပဲဆိုင်တော့တာကိုး။ နေမကောင်း ရင်ကြည့်ရှုပေးဖို့။ ငွေရေးကြေးရေးလိုအပ်လာရင် ကူညီပေးဖို့လောက်ပဲ ဆိုင်တော့တာပါ။

အမအိမ်မှာနေတဲ့အချိုးမျိုး  ယောင်းမအိမ်မှာနေရဲလားလို့မေးကြည့်ချင်ပါတယ်။ မနေ့က အလုပ်သွားတော့ မှာမို့ ကလေးကို ထမင်းလာကျွေးဆိုတာကို မကျွေးနိုင်ဘူးတဲ့။ ကိုယ့်ကလေးမှမ ဟုတ်တာတဲ့။ အလုပ် သွားရတော့မှာမို့ လာကျွေးပေး ပါလို့ တောင်းတောင်းပန်ပန်နဲ့ခေါ်ရမှာလား။ အလုပ်က ခဏခဏခွင့်ယူ ဖို့မကောင်းတော့ဘူး။ ပြီးခဲ့တဲ့လ ကလဲ သမီးနေမကောင်းလို့ ခွင့်ယူပြီးပြီ။  ကိုယ်ကသူများအလုပ်လုပ်ရတာ မို့လား။ 

နန်းရွှေမှုံက ဒါမျိုးဆို တအားစိတ်ရှည်တာ ဘာစကားတစ်ခွန်းမှ ပြန်မပြောလိုက်ပါဘူး။ မျက်နှာကို ပိတ်ရိုက် ပလိုက် တယ်။ သူကပြန်ပြောတယ်။ မကြီး သမီးကို ရိုက်စရာမလိုပါဘူးတဲ့။ သမီးပါပါးက နန်းကို ဆွဲပြီး သူ့အမျိုးသားလေးက သူ့ကိုဆွဲကြတယ်။ မနေ့က သူ့အမျိုးသားလဲ အလုပ်မသွားဘူး။ နန်းလဲ အလုပ်ပျက် တယ်။ ခဏနေတော့ မာမီ့ဆီက ဖုန်းလာတယ်။ သမီးကြီးက ကိုယ့် ညီမလေးကိုယ် ဘယ်လိုဘယ်ညာတဲ့။ အလုပ်သွားတော့မှာမို့ ကလေးကို ထမင်းလာကျွေးခိုင်းတာ ကိုယ့်ကလေးမဟုတ်လို့ မကျွေးနိုင်ဘူးပြောနေ  တဲ့သူကို သမီးက တောင်းတောင်းပန်ပန်နဲ့ခေါ်ရမှာလား လို့ပဲ  မေးလိုက်ချင်တော့တယ်။ 

ဒါပေမဲ့ မမေးလိုက်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ မာမီ့ကျန်းမာရေးကိုသာဂရုစိုက်ပါ။ သမီးက မာမီ့ကိုပဲ စိတ်ပူ တယ်လို့ပြောလိုက်တယ်။ စနေနဲ့အင်္ဂါကို အတူတူထားမိတာ မာမီမှားတာတဲ့။ နန်းက အကြီးဆုံး အင်္ဂါသမီး။ သူက အငယ်ဆုံး စနေသမီး။ စနေသနှောင်း မိဘကောင်းဆိုပေမဲ့ မာမီနဲ့ဒက်ဒီနှစ်ယောက်လုံး ကြာသပတေးဖြစ်နေလို့ သူမွေးတုန်းက နလန်မထူနိုင်အောင်ပဲတဲ့။ 

အဲ့ဒါတွေ နန်းမသိပါဘူး။ နားလည်းမလည်ဘူး။ တကယ်လို့တောင်းတောင်းပန်ပန်နဲ့ခေါ်လိုက်ရင် အဲ့လိုပြဿ နာတွေတော့ဖြစ်မလာတော့ ဘူးပေါ့။ ဒါပေမဲ့လဲ ရိုက်ပြီးသွားပြီ။ ပါးစပ်ကနေ စကားလုံးတွေ နဲ့ပြောဖို့ထက် လက်က ပိတ်ရိုက်လိုက်ဖို့ပဲ ပိုအားသန်တာ ကောင်းတဲ့အကျင်တော့ မဟုတ်ဘူးနော်။ အဲ့လိုမျိုးတွေလဲ ချက်ကျလက်ကျ  ပြန်မပြောတတ်တာ တော်တော်ခက်တာပဲ။

ဒီလိုနဲ့ပေါ့။ သမီးကိုလဲ စက်ရုံနဲ့အနီးဆုံး ကလေးထိန်းကျောင်းကိုပို့လိုက်တယ်။ သူတို့လင်မယားလဲ  နေ့ချင်း ပဲပြောင်းသွားကြတယ်။ ပြောင်းတဲ့နေရာကလဲ တစ်တိုက်ထဲပါပဲ။ ခြောက်ခန်း လောက်ပဲခြားတာ။ သူတို့ကတော့ ဘယ်လိုနေမယ်မသိ။ သမီးပါပါးကတော့ စိတ်ပူလို့။ ယောက်ျားတစ်ယောက်ပဲ အလုပ်ရှိတာ။ မိန်းမက အလုပ်မရှိသေးဘူး။ အခန်းခ၊ ရေမီးဖိုး၊ စားစာရိတ်၊ ပါ့စ်ပို့ကြေးတွေနဲ့ ဘယ်လိုနေမလဲမသိဘူးတဲ့။

နန်းလဲ သူတို့အတွက်စိတ်ပူတယ်။ သူတို့ကတော့ အေးအေးဆေးဆေးပါပဲ။ ခေါင်းရင်ဖက်အခန်းက အိမ်ပိုင်ရှင်အဖိုးကြီးနဲ့ စကားတွေလာပြောနေကြတယ်။ ပျော်ပျော်ရွှင်ရွှင်ပါပဲ။ 

လက်ဝါးတစ်ချက်ရဲ့တန်ဖိုးက သူတို့တော့ ဘယ်လောက်ကုန်တယ်မသိ။ နန်းတော့ ကလေးကျောင်းလခ ဘတ် သုံးထောင်ကုန်သွားတယ်။ ထမင်းဘူးတွေမုန့်ဖိုးတွေ၊ ပဲနို့ဖိုးတွေလဲ ကုန်သွားတယ်။ ကလေးထိန်း ကျောင်းလို့သာပြောတာပါ။ ကလေးက ငါးယောက်ခြောက်ယောက်ပဲရှိတယ်။ သားအမိတွေထိန်းကြတာ။ နန်းတို့စက်ရုံက ကလေးတွေပါပဲ။ 

ဘာပဲဖြစ်ဖြစ် စိတ်ထဲရှိတာတွေ ရင်ဖွင့်လိုက်ရတာ စိတ်ထဲပေါ့သွားတာတော့အမှန်ပါပဲ။ ချဲလင့်လုပ်တဲ့ ကန်ဒီ့ကိုကျေးဇူးအများကြီးတင်ပါတယ်။ နန်းဆီမှာ သူများစိတ်ဝင်တစားဖတ်စရာ ဘာမှမရှိဘူးလေ။ ကန်ဒီက နန်းဆီကို ပထမဦးဆုံးလာတဲ့ ဧည့်သည်ပါ။ မျက်စိလည်လမ်းမှားပြီးတော့ ကန်ဒီ့ဆီကိုရောက် ခဲ့တယ်။ ကန်ဒီ့အရေးအသားလေးတွေက လွတ်လပ်တယ်။ အဲ့ဒါလေးတွေကို သဘောကျလို့ ကန်ဒီ့ရဲ့ ဘလော့လေးကို လင့်ချိတ်ခွင့်တောင်းရာကနေ ကန်ဒီလဲ နန်းကိုသိသွားခဲ့တယ်။ 

ကိုအောင် ကတော့ ဒီဘလော့ကို သူ့ဆီက စာတွေဖတ်ပြီး စမ်းလုပ်ထားတာဆိုတော့ အမြဲလာကြည့်နေကျ ပါ။ သူက ဧည့်သည်လို့ပြောလို့မရဘူးပေါ့။ သူက ဆရာလို့ပြောရမှာ။  နန်းရဲ့ဘလော့လေးမှာ ကိုအောင်ပြီးရင် ဒုတိယလင့်ချိတ်တာ ကန်ဒီ့ဘလော့ပေါ့။ ကျေးဇူးကမ္ဘာပါ ကန်ဒီ။

ကန်ဒီ့ရဲ့ ချဲလင့်အတွက် ရေးပြီးပါကြောင်း။ 
ကျန်သူများကိုချဲလင့်လုပ်ဖို့ မဝံ့မရဲမို့ ချဲလင့်မလုပ်တော့ပါကြောင်း။
လေးစားစွာဖြင့်
နန်းရွှေမှုံ။

Saturday, September 6, 2014

ရှုပ်ပွနေတဲ့အိမ်။

အလုပ်ဆင်းခါနီး အညှိုးတကြီးရွာလိုက်တဲ့မိုးက (၅)နာရီခွဲ အလုပ်ဆင်းလို့အပြင်ရောက်တော့ တဖွဲဖွဲလေး ပဲရွာတော့တယ်။ မိုးရွာတာကို ကြိုက်တဲ့နန်းရွှေမှုံ ထီးမပါလဲ အရေးမစိုက်ပါဘူး။ အိမ်နဲ့အလုပ်နဲ့က နီးနီးလေး မို့လား။ ဘောလုံးကွင်းတစ်ကွင်းသာခြားတာပါ။ အလုပ်ထဲကထွက်တာနဲ့ မိုးဖွဲဖွဲလေးတွေမျက်နှာပေါ်ကျလာ တာကို နှစ်သက်စွာခံယူရင်း ဖြေးဖြေးအေးအေးပဲ လမ်းလျှောက်ပြန်သွားလိုက်တယ်။

အိမ်ရောက်လို့ တံခါးဖွင့်လိုက်တာနဲ့ ရင်ဝဆောင့်ကန်လိုက်သလို အမောဆို့သွားတာပဲ။ တအိမ်လုံးကို ရစရာမရှိအောင် ရှုပ်ပွနေတာ။ ခြေချစရာမရှိဘူး။ သမီးအဝတ်ပုံးက ပွင့်နေပြီးတော့ သမီးအဝတ်တွေက ဟိုတစ်စ ဒီတစ်စ။ အဝတ်ပုံးထဲမှာ ထည့်သိမ်းထားတဲ့ ဖိုင်ထဲက သမီးရဲ့ မွေးစာရင်းနဲ့ ကျန်းမာရေး မှတ်တမ်းတွေက ဟိုတစ်ရွက် ဒီတစ်ရွက်။ ဆေးရုံက ထုတ်ပေးထားတဲ့ စာအုပ်ကလဲ အဖုံးကျွတ်ပြီး ပိုးလို့ပက်လက်။

အိမ်မှာခေါ်ပြီးထိန်းပေးတဲ့ ကလေးလေးရဲ့ မိုးကာအိင်္ကျီကလဲ ကိုးရို့ကားရား။ ကျောပိုးအိပ်ထဲက အဲ့ကလေးလေးရဲ့ အဝတ်အစားတွေ ကလဲ ဝင်တချို့ထွက်တချို့။ ထမင်းစားပွဲပေါ်မှာလဲ စားလက်စ ပန်းကန်တွေက တို့လို့တန်းလန်း။ သောက်လက်စ ရေနွေးခွက်တွေက တောင်တစ်ခွက်မြောက်တစ်ခွက်။ ရေဇလုံထဲမှာလဲ စားပြီးသားပန်းကန်တွေက ထိုးထိုးထောင်ထောင်။

ညီမလုပ်သူကိုကြည့်လိုက်တော့ ကိုယ်တံခါးဖွင့်တဲ့အချိန်တုန်းက မျက်လုံးဖွင့်ကြည့်ပြီး အယ်ဘယ်လိုဖြစ် တာလဲလို့မေးလိုက်မိမှ မျက်လုံးပြန်ပိတ်သွားတယ်။ သမီးက သူ့ညာဖက်ဘေး မှာ ပက်လက်က နေ စာရွက်တွေဖြဲလို့။ ဟိုကလေးလေးက သူ့ဘယ်ဖက်ဘေးမှာ ဘေးတစောင်းလေး အိပ်လို့။

အိုးးးး တော်တော် အမောဆို့သွားတယ်။ အိမ်ဆိုပေမဲ့ အခန်းတစ်ခန်းပဲရှိတော့ အိမ်ရှေ့ခန်းမှာပဲ ထမင်းချက်တာ စားတာသောက်တာ အကုန်လုံးပြီးမှ ပြန်သန့်ရှင်းပြီး အိမ်ရှေ့ခန်းမှာပဲအိပ်ရတာ။ အခန်းထဲမှာ ညီမလေးတို့လင်မယားအိပ်တယ်လေ။

ခပ်တည်တည်နဲ့ပြန်အိပ်နေသူတွေကိုလစ်လျှူရှုလို့ ဟိုတစ်စ ဒီတစ်စဖြစ်နေတဲ့ သမီးအဝတ်တွေကို ပုံးထဲပြန်ကောက်ထည့်၊ စာရွက်တွေကို တစ်ရွက်ချင်းလိုက်ကောက်လို့ ပြန်ဖြန့် စီပြီးတော့ဖိုင်ထဲပြန်ထည့်၊ ထိန်းပေးတဲ့ကလေးလေးရဲ့မိုးကာကိုချိတ်နဲ့ချိတ်ပြီး အိမ်ရှေ့က အဝတ်တန်းမှာသွားချိတ်၊ သူ့အဝတ်အစား တွေ သူ့ကျောပိုးအိတ်လေးထဲ ထိုးထည့်ပြီးပြန်ပိတ်။ စက္ကူစုပ်တွေကောက်ပြီး အမှိုက်ပုံးထဲထည့်။ တံမြက်စည်းလှည်း။

ထမင်းစားပွဲလေးပေါ်က စားလက်စပန်းကန်တွေ ကိုဇလုံထဲထည့်ပြီးနောက်ဖေးက ဘေဇင်ပေါ်သွားတင်ပြီး ပြန်ထွက်လာတော့ သမီးက တဟင့်ဟင့်နဲ့ လက်ဆန့်တန်းလို့ ချီခိုင်းနေပြီ။ သမီးကိုခဏကောက်ချီပြီး  မွှေးမွှေးပေး။ သမီးနဲ့ ခဏကစား။ သမီးက စကားမပြောတတ်ပေးမဲ့ လက်ညှိုးထိုးပြပြီး လိုချင်တာကိုတောင်းတတ်တယ်လေ။ သမီးက သူ့မျက်လုံးလေးကို လက်ညှိုးထိုးပြပြီး လက်ဖျားလေးတွေကို ခါပြတော့ သူ့မျက်စိနာနေတယ်လို့ နားလည်လိုက်တယ်။

 ကြည့်လိုက်တော့ သမီးလေးရဲ့ ဘယ်ဖက်မျက်လုံးတစ်ဖက် နီရဲပြီးတော့ ယောင်နေတယ်။ မျက်စိကျိန်းနေ တယ်လို့ထင်သွားတာ။ မျက်စိက တစ်ဖက်ထဲကျိန်းတယ်။ ဆေးခန်းသွားရမလားမသိ ဘူးလို့ပြောရင်း အောက်မျက်ခမ်းလေးကို အသာဖြဲကြည့်လိုက်တော့ ဖြူဖြူအဖက်ကြီးတွေ့တယ်။ အပြင်ဖက်ကနေ မျက်ခွံလေးကို အသာဖိလိုက်တော့ ပလွတ်ကနဲ ထွက်ကျလာတာ စက္ကူစကြီး။

ဘယ်လောက်တောင်နားနေလိုက်မလဲ။ ဘယ်အချိန်ကတည်းက ဝင်နေမှန်းမသိဘူး။ နန်းတို့လူကြီးတွေ မျက်လုံးထဲကို အမှုန်သေးသေးလေးဝင်သွားရင်တောင် မနေနိုင်မထိုင်နိုင်ဖြစ်ရတာ။ မျက်တောင်မွှေးလေး ကျွတ်ပြီး စိုက်နေရင်တောင် ဘယ်လိုမှ မခံစားနိုင်ဘူး။ ခိုးလို့ခုလုဖြစ်လို့။ သူ့ခမျာ စက္ကူစကြီး အကြီးကြီးပဲ။ လက်မ က လက်သည်းခွံလောက်ရှိတယ်။ ခေါက်ပြီးတော့ဝင်နေတာ။

ဘယ်လိုဝင်နေသလဲလို့ စဉ်းစားလို့ကို မရဘူး။ ပက်လက်နေရင်းက စက္ကူကိုဖြဲတော့ မျက်လုံးပေါ်ကျသွား တာကို ပွတ်ထုတ်ရင်း အပြင်ကိုမထွက်ပဲ အတွင်းကို ပိုဝင်သွားတာဖြစ်မယ်လို့ ကိုယ့်ဖာကိုယ် ပုံဖော်စဉ်းစားကြည့်မိတယ်။ ကိုယ်ပြန်လာတဲ့အချိန်လဲ သမီးက ပက်လက်ကလေးနေပြီးတော့ စက္ကူတွေဖြဲနေတာကိုး။ သူကိုယ်တိုင်မှ ထပြီးမထိုင်နိုင်တာ။

သမီးက မျက်စိနာနေတာကို သူ့အဒေါ်ကိုမပြောဘူးလား။ သမီးက ပြောတယ်ဆိုတာလဲ လက်နဲ့ပုတ်ပြီး ခေါ်တာလေ။ သမီးပြောတာကို သူ့အဒေါ်က နားမလည်လို့လား။ သမီးက ခေါ်တာကို သူ့အဒေါ်က မနိုးလို့လား။ လားပေါင်းများစွာနဲ့ တစ်ယောက်ထဲ ဒေါသထွက်နေတာလား။ စိတ်တိုနေတာလား။ ဝမ်းနည်းနေတာလား။ မသိတော့ပါဘူး။

သမီးနဲ့ပတ်သက်ရင် မျက်ရည်ကတော့ တော်တော်လွယ်တယ်ပြောရမယ်။ ပါးပေါ်မှာ တလိမ့်လိမ့်ကို စီးကျနေတယ်။ သမီးလေးစိတ်ကျေနပ်သွားပြီဆိုမှ ပြန်ချထားပြီး ယူနီဖောင်းလဲ။ နောက်ဖေးက ပန်းကန်တွေဆေး။ ထမင်းအိုးတည် ပြီးတော့ ညနေ (၆)နာရီခွဲကျော်ပြီ။

(၇) နာရီကျော်ရင် သမီးပါပါးနဲ့ မက်ကလေးတို့ပြန်လာတော့မယ်။ ဈေးသွား။ ချက်ပြုတ်။ သမီးပါပါးတို့ ပြန်လာတော့ အိပ်နေတဲ့လူလဲ နိုးလာတယ်။ ရီရီမောမောပါပဲ။ ညစာ စားသောက်ပြီး ည (၉)နာရီ ကျော်၊ (၁၀) နာရီမှ ရေမိုးချိုး အိပ်ရာဝင် ဒီလိုနဲ့ပဲ တမိုးချုပ်ခဲ့ရပြန်ပေါ့။

အေးမြချမ်းသာကြပါစေ။
လေးစားစွာဖြင့်...
နန်းရွှေမှုံ။
(တီတင့်ကို အားကျလို့း)) )